29 C
Yangon

ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ၊ အုတ်ဖိုရှိ ကျေးရွာများတွင်လည်း စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ၊ အုတ်ဖိုရှိ ကျေးရွာများတွင်လည်း စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ကျေးရွာများမှ လူငယ်များကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရကြောင်း Voice of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက် နှင့် ၁၀ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဝမ်းတွင်းမြို့နယ်ရှိ ခင်ကြီးရွာမှ လူငယ် ၄ ဦး ၊ ရေဆုံးရွာမှ လူငယ် ၆ ဦး ၊ ကုက္ကိုခါးလရွာမှ လူငယ် ၂ ဦး၊ ညောင်ပင်ကုန်းရွာမှ လူငယ် ၁ ဦး၊ ဒိုင်ကောင်းကုန်းရွာမှ လူငယ် ၁ ဦး၊ ညောင်ပင်သာဆည်ရွာမှ လူငယ် ၄ ဦး ၊ လေးမျက်နှာရွာမှ လူငယ် ၁ ဦး၊ တဲစုရွာမှ လူငယ် ၁ ဦးနှင့် ရွှေတောင်ရွာဘေးရှိ စစ်တပ် စစ်ဆေးရေးဂိတ်မှ လူငယ် ၃၀ ဦး ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

” ၂ ရက်တည်းနဲ့ လူငယ် ၅၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရတာ အဲဒီ အရေအတွက်ဆိုတာကလည်း ကျနော်တို့ဆီ ပေးပို့ရဲတဲ့ ပြည်သူတွေ ပို့တဲ့ စာရင်းပဲရှိသေးတယ်။ ကျန်တဲ့ နေရာတွေမှာလည်း လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရတာရှိသေးတယ်။ အရေအတွက်က ပိုများဖို့ပဲရှိတယ်”ဟု Voice of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။

ဇန်နဝါရီ ၉ ရက်နေ့ ရှေ့ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း၊ လက်ရှိ ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်ရွေးခိုင်းခြင်း မရှိဘဲ လေ့ကျင့်ရေး သင်တန်းကျောင်းများကို တိုက်ရိုက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကိုလည်း အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ အုတ်ဖိုမြို့ အနောက်ဘက်ရှိ ငါးရှဉ့်ရိုးအုပ်စုမှ ကျေးရွာများ ၊ ဂုံညင်းတန်းကျေးရွာ၊ သရက်ကုန်းအုပ်စုမှ ကျေးရွာများနှင့် ကျက်ဆူတောကျေးရွာများကို အကြမ်းဖက် စစ်တပ်က ညစဉ် ဝင်ရောက်လာပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ လူငယ်များသည် နေအိမ်များကို မပြန်ရဲတော့ဘဲ လယ်ကွင်းများ၊ ချောင်း-မြောင်းများတွင် နေထိုင်နေရပြီး အလုပ်အကိုင်များ မရှိတော့သောကြောင့် စားဝတ်နေရေးများလည်း ခက်ခဲလာကြောင်း သိရှိရသည်။

“လူငယ်တွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ စစ်ခွေးတွေက ညတိုင်းကို ဝင်ဖမ်းနေတာ လူငယ်တွေ အိမ်လည်း မပြန်ရဲတော့ဘူး။ လယ်ကွင်းတွေ ချောင်းတွေ မြောင်းတွေထဲမှာပဲ ဆင်းဆင်းရဲရဲနေနေကြရတယ်။ အလုပ်အကိုင်တွေလည်း ဘာမှ လုပ်မရတော့ စားဝတ်နေရေး တော်တော်ခက်ခဲနေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းအောင်၊ မယားဖြစ်သူ မြင့်မြင့်စမ်းနှင့် ထောက်ကြန့်ကွင်းရွာ ရာအိမ်မှူး ရွှေစင်တို့သည် ကျေးရွာအတွင်းရှိ စစ်မှုထမ်းကြေး မပေးနိုင်သည့် လူငယ်များ၏ နေအိမ်များကို စစ်တပ်ခေါ်၍ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ အဆိုပါကျေးရွာများမှ လူငယ်များလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံထားရသော စစ်မှုထမ်း လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article