စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးကင်းရန်ကင်း အောင်နိုင်ရေး ယတြာချေ
ရခိုင်ပြည်၊ စစ်တွေမြို့၊ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီက ဘေးရန်အပေါင်းကို အောင်နိုင်ရေး ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တွေ ဝန်ထမ်း သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း စစ်တွေမြို့ရှိ ရန်ပြေမာန်ပြေဘုရားတွင် စစ်ကောင်စီ၏ ရခိုင်ပြည် ဝန် ကြီးချုပ် ထိန်လင်း ဦးဆောင်၍ ဘုရားပူဇော်ကန်တော့ပွဲနှင့် အနေကဇာတင်ပူဇော်ပွဲဟု အမည်တပ်ကာ ဘေးကင်း ရန်ကင်း အန္တရာယ်အပေါင်းကို အောင်နိုင်စေမည့် ယတြာချေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဘုရားကြီးပရဝဏ်ပတ်ပတ်လည်မှာ အောင်သပြေစိုက်တယ်။ အောင်သပြေနဲ့ နံ့သာဖြန်းတယ်။ အောင်မင်္ဂလာ ကုသိုလ်ပြုတယ်။ အောင်နမိတ်ဆောင်တဲ့ တေးဂီတွေကို ရခိုင်စည်တော် မင်္ဂလာအဖွဲ့က တီးမှုတ်ပူဇော်ရတယ်။ အောင်စည်တော်နဲ့ ဘုရားကြီးနဲ့ပရဝဏ်ကို ပတ်တယ်။လှည့်တယ်။ သံဃာတော်တွေကို သက်သတ်လွတ် ဆွမ်းကပ်တယ်။ ပြည်သူတွေကို သက် သတ်လွတ် ရခိုင်မုန့်တီ ကျွေးတယ်။ စတုဒီသာလည်း သက် သတ်လွတ်။ ရခိုင်ပြည်အစိုးရ ခေါင်းဆောင်ပိုင်းတွေလည်း သက် သတ်လွတ် ဥပုသ်စောင့်ရတယ်လို့ သိရတယ်။ ရန်ပြေမာန်ပြေ အောင်မြင်ကြောင်း ယတြာအရ လုပ်ရတာလို့ ပြောတယ်” ဟု ဝန်ထမ်းသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
အဆိုပါ ရန်ပြေမာန်ပြေ ဘုရားမှ ယတြာချေပွဲကို ရခိုင်ပြည်စစ်ကောင်စီထပ်ပိုင်းအားလုံးတက်ရောက်ရပြီး စစ်ဘက်မှ အရာရှိများလည်းအ ရပ်ဝတ်ဖြင့် တက်ရောက်ခဲ့ရကြောင်း သိရှိရသည်။
ရန်ပြေမာန်ပြေဘုရားကြီးကို အဓိဋ္ဌာန်ဆရာတော်ကြီးက ဦးစီးတည်ဆောက်နေခြင်းဖြစ်ကာ အဆိုပါဘုရားကို ၂၀၂၀ ခုနှစ်မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး ဘုရားဉာဏ်တော်အမြင့် ၇၂ ပေနှင့် ပလ္လင်အမြင့် ၁၁ ပေရှိကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် AA က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် ၃ ခုကိုသာ တိုက် ခိုက် သိမ်းပိုက်ရန် ကျန်ရှိနေချိန်တွင် စစ်ကောင်စီက ယင်းကဲ့သို့ ဘုရားကု ဓာတ်ကု ယတြာများချေလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ အာဏာသိမ်းစကတည်းက ယတြာ ဗေဒင်များကို တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ရာ တပ်တွင်းတွင် ဝတ်ရွတ်ခိုင်းခြင်း၊ ပရိတ်ရွတ်ခိုင်း၊ အောင်ခြင်းရှစ်ပါး ပူဇော်ရွတ်ဖတ်ခိုင်းခြင်း အစရှိသည့် ယတြာပေါင်းစုံကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။