ချောက်မြို့နယ်၊ လင်းတကိုင်း တိုက်နယ် ဆေးရုံကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်ကား ၆ စီးဖြင့် ဆေးဝါးများ ယူဆောင်သွားကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့
မကွေးတိုင်း၊ ချောက်မြို့နယ်၊ လင်းတကိုင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး စစ်ကား ၆ စီးဖြင့် ဆေးဝါးများ ယူဆောင်သွားကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက်နံနက် ၄ နာရီခန့်တွင် အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ချောက်မြို့နယ်၊ လင်းတကိုင်းတိုက်နယ် အတွင်းရှိ ဆည်ကန်နှင့် သစ်လှကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းတကိုင်း တိုက်နယ်အတွင်းရှိ တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းပြီး ဆေးရုံ အတွင်းရှိ ဆေးဝါးများကို စစ်ကား ၆ စီးဖြင့် သယ်ယူသွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းစည် ဆည်ကန်ကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် အိမ်စီးကား ၂ စီးဖြင့် ငွေကြေးများ အပါအဝင် ကာလတန်ဖိုး ကျပ် သိန်း ၇၀၀ ခန့်ရှိ ပစ္စည်းများကို လုယက်ယူဆောင်ကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်ကန်ကြီး ၄ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုကတော့ မသိရသေးပါဘူး။ ၆၀ မမ လက်နက်ကြီး ၄ လုံးပစ်ခဲ့တာပါ။ မနက် ၄ နာရီ လောက်မှာ ၂ ဖွဲ့ခွဲပြီး ခြေလျင်စစ်ကြောင်းထိုးလာတာပါ။ ဆယ်ကန်ရွာထဲက နေအိမ် ၃ လုံးကို မီးရှို့ခဲ့ တယ်။ လင်းတကိုင်း တိုက် နယ်က ပြည်သူပိုင် အိမ်စီးကား ၂ စီး နဲ့ငွေကြေး အပါအဝင် ပြည်သူပိုင် ပစ္စည်းတွေ လင်းတကိုင်း တိုက်နယ်ဆေးရုံက ပစ္စည်းတွေကို ၁၁ နာရီလောက်မှာ ကား တွေခေါ် ပစ္စည်း တွေတင်ပြီး ပြန်ထွက်တယ်။ နေ့လည် ၂ နာရီလောက်မှာ ဩဇာတော ကားလမ်းမှာ အရပ် ဝတ်တွေနဲ့လည်း ကင်းပုန်းစောင့်တယ်၊ ကားလမ်းပေါ်ဖြတ်သွားတဲ့ကားတွေကိုလည်း စစ်ဆေးငွေ တောင်းနေပါတယ်” ဟု အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို အာဠာဝကမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ပေါင်းစု ၊ ချောက်မြို့နယ် ပက တပ်ဖွဲ့ နှင့် ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုံတို့ စစ်ရေးပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။