ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ကျေးရွာ စာသင်ကျောင်း ပျက်စီး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ကျေးရွာစာသင်ကျောင်း နှင့် လမ်းမီးတိုင်များ ထိခိုက်ပျက်စီးကြောင်း KNU က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၃၁၀ အမြောက်တပ်က ၈၁ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ရာ အခိုင်ကျေးရွာအရှေ့ဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးများပစ်ခတ်မှုကြောင့် အခိုင်ကျေးရွာနေ ဦးအောင်ငွေ ခြံထဲသို့ လက်နက်ကြီး ၁ လုံး၊ ကိုဝင်းမောင် ခြံထဲသို့ လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းမီးတိုင်များ ပျက်စီးခဲ့ကြောင်း၊ နွား ၁ကောင်လည်း ထိခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် တဂေးလောင်း ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်း (Suicide Drone) ၂ စင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စင်းသည် စာသင်ကျောင်းဆောင်ခေါင်မိုးကို ထိမှန်ခဲ့ပြီး အခြားတစ်စင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေးတွင်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး တဂေးလောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများမှ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေကြသည့်အပြင် စာသင်ကျောင်းများကိုလည်း လက်ရှိအခြေနေအရ ခေတ္တပိတ်ထားခဲ့ရကြောင်း KNU က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်း(Suicide Drone) ၂ စင်းဖြင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU က ဆိုသည်။


