27.5 C
Yangon

အုတ်ဖို၊ မင်းလှနှင့် မိတ္ထီလာတို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

အုတ်ဖို၊ မင်းလှနှင့် မိတ္ထီလာတို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ၊မင်းလှမြို့နယ်နှင့် မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော မင်းလှမြို့နယ်၊ လယ်ဦးစုရွာမှ ၉ တန်းကျောင်းသား ၁ ဦးသည် နေအိမ်မှ ကျောင်းသို့ သွားရောက်စဉ် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ငွေကျပ် သိန်း ၄၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။

“အုတ်ဖို ဂုံညင်းတန်းရွာ အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ မင်းလှမြို့နယ်က လယ်ဦးစုရွာမှ နေထိုင်တဲ့ ၉ တန်းကျောင်းသားကို အရပ်ဝတ် ဝတ်ထားတဲ့ စစ်ခွေးတွေနဲ့ ပျူခွေးတွေက ကျောင်းသွားချိန်ကို လမ်းမှာစောင့်ပြီး ပေါ်တာဆွဲဖမ်းသွားတာလို့ သိရတယ်။ ကလေးပျောက်နေတယ်ဆိုတာ သိသိချင်း အုပ်ချုပ်ရေးမှူးနဲ့ လိုက်စုံစမ်းတော့မှ ပေါ်တာဆွဲ သွားမှန်းသိပြီး သိန်း ၄၀ နဲ့ ပြန်ရွေးထုတ်လာရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် အစောပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ဆယ်ရွာ၊ ဆင်မြင့်ရွာနှင့် မီးချောင်းတင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ဆယ်ရွာမှ ကိုစောစီဖော၊ မီးချောင်းတင်ရွာမှ ကိုသန်းဇော် နှင့် ဆင်မြင့်ရွာမှ ကိုအနက် (ခ) တင်စမ်းနှင့် ၄င်း၏ သားဖြစ်သူ ကိုချစ်တိုး (ခ) ဆောင်းဦးလွင်တို့ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၂ ရက်နေ့က ကပ်ကျော်ရွာသစ် (ခ) သံတောက်ကွင်းရွာနှင့် ညောင်သုံးပင်ကျေးရွာကိုပျူစောထီး မိုက်ကယ်နှင့် နယ်ထိန်း နိုင်ထွန်း ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းပြီး ကပ်ကျော်ရွာသစ် (ခ) သံတောက်ကွင်းရွာမှ ကိုသလားဖန်း ၊ ကိုကုလားလေးနှင့် ညောင်သုံးပင်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ကိုမြင့်မိုးတို့ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မြို့နယ် ထွေ/အုပ်ရုံး၌ ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ကိုမျိုးဇော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇန်နဝါရီလပိုင်းမှ စတင်၍ ညစဉ် ကင်းလှည့်ပြီး လူငယ်ငယ်များကို ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကင်းလှည့် ဖမ်းဆီးခြင်းကြောင့် လူငယ် အများအပြား ဖမ်းဆီးခံရပြီး တချို့လူငယ်များကို ငွေကျပ် သိန်းချီတောင်းခံ၍ ပြန်လွှတ်ပေးသော်လည်း လူငယ် ၆ ဦးထက်မနည်းကို စစ်တပ်ထဲ ထည့်သွင်းမှုများရှိကြောင်း သိရှိရသည်။

“သာစည်နဲ့ မိတ္ထီလာမှာ လူငယ်တွေ တော်တော်များများ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ စစ်ခွေး အဓိက ပစ်မှတ်ထားဆွဲနေတာက ညအချိန်ထွက်တဲ့ လူငယ်တွေကို ဆွဲနေတာ မိတ္ထီလာက ပိုဆိုးတယ် ခုရက်ပိုင်းတင် လူငယ်တွေ ၆ ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲထည့်သွင်းခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်းရမည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article