ရန်ကုန်၊ ဇန်နဝါရီ ၂၀
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောင်းကုန်းရွာနှင့် သံပုရာခြံရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီခန့်အချိန်မှ စတင်၍ မြိုင်မြို့နယ်ရှိ ကျောင်းကုန်းရွာနှင့် သံပုရာခြံရွာကို အကြမ်းဖက် စစ် တပ် ၏ ရိက္ခာပို့ စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းကုန်းရွာမှ နေအိမ် ၂၇ လုံး နှင့် သံပုရာခြံရွာမှ နေအိမ် ၇ လုံး မီးလောင်ပြာကျခဲ့ပြီး နေအိမ်အတွင်း ကျန်းမာရေး မကောင်း၍ ကျန်ရှိနေသော သက်ကြီးရွယ်အို ပြည်သူများကိုလည်း PDF တပ်ဖွဲ့ဝင်များက လိုက်လံ ကယ်ထုတ်ပေးခဲ့ရကြောင်း သိရှိရသည်။
“ကန်နီ ပျူစောထီးရွာကို ရိက္ခာလာပို့တဲ့ စစ်ခွေး စစ်ကြောင်းက ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာကို မီးရှို့ ဖျက်ဆီးသွားတာ ပြည်သူပိုင် နေအိမ် ၃၄ လုံး မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေက ထွက်သွားပြီး နေအိမ်မှာ ကျန်းမာရေး မကောင်းလို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အို ပြည်သူတွေကိုတော့ ကျနော်တို့ PDF ရဲဘော်တွေက လိုက်လံ ကယ်ထုတ်ပေးခဲ့ပါတယ်” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် မြိုင်မြို့ပေါ်မှ ကန်နီပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကြောင်း အထိနာ၍ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar