ရန်ကုန်၊ ဇန်နဝါရီ ၂၀
ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ မင်းကုန်းအထိုင်စခန်းမှ အကြမ်းဖက်စစ်တပ်က ပရံရွာနှင့် မြင်းချင်ရွာရှိ ပျူစောထီးများနှင့်အတူ ကင်းဗျားရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူ့နေအိမ်များနှင့် စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၃နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် ၅ လုံးနှင့် မူလတန်းကျောင်းတစ်ကျောင်းကို မီးရှို့ကာ မင်းကုန်းအကြမ်းဖက်အထိုင်စခန်းသို့ ပြန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“မနက် ၃ နာရီက ခရလဘ၄၂ တပ်ဟောင်ဝှစ်ဇာကူပစ်ပြီး မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ထုဝင်တာ။ စာသင်ကျောင်းကတော့ လက်ကြီးကျပြီး မီးလောင်တာ။ အိမ်တွေကတော့အကြမ်းဖက် စစ်တပ်နဲ့ ပျူတွေက မီးရှို့သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထိုသို့ ကင်းဗျားရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်မှုကြောင့် ကင်းဗျားရွာ၊ အိုးဘိုရွာ၊ ချီပါရွာတို့မှ ပြည်သူ ထောင်နှင့်ချီ၍ နီးစပ်ရာ ရွာများသို့ တိမ်းရှောင်ကြရကြောင်း ၊ လက်ရှိတွင် ရွာသားအချို့ နေရပ်ပြန်ကြသော်လည်း အများစုမှာ တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ကင်းဗျားရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးမှုသည် ယခုအကြိမ်နှင့်ဆိုပါလျှင် ၃ ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၂ ကြိမ်ခန့် မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၉၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar