26 C
Yangon

တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ် အတွင်းရှိ မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ၎င်းနေအိမ်အတွင်းရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းစိုးသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ကျေးရွာနေ ပြည်သူလူထုအပေါ် စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံခြင်းနှင့် လျှပ်စစ်မီတာခများ အဆမတန် တောင်းခံနေခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ခံ ကံကြီးမောင်က ရှင်းပြသည်။

“ပြည်သူတွေကို စစ်မှုထမ်းကြေးဆိုပြီး လစဉ် အတင်းအဓမ္မငွေကြေးတောင်းတယ်။ နောက်ပြီး မီတာခတွေလည်း အဆမတန် ခြိမ်းခြောက် တောင်းတာတွေ ပြုလုပ်နေလို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ အလိုကျတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ် သတင်းပေးတွေ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထု အပေါ် မတရားမှုများ ဆက်လက် လုပ်ဆောင်နေရင် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်” ဟု Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) နှင့် Taungdwingyi Fighter Force(LPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည် အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည့် အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အနီးကပ် သွားလာနေထိုင်ခြင်းမပြုလုပ်ရန် မကွေးပြောက်ကျားတပ်က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article