ရန်ကုန်၊ ဇန်နဝါရီ ၂၃
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော်လည်း ထောင်အာဏာပိုင်များက လုံ လောက် ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုများပေးထားနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းထောင်အာဏာပိုင်များက ဝမ်းရောဂါခံစားနေရသူများကို ဝမ်းပိတ်ဆေးတိုက်ပြီး တစ်ဦးလျှင် ဓာတ်ဆားတစ်ထုပ်နှုန်းသာ ပေးကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသည်မှာ ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၄၀ ဦး ဝန်းကျင်နှင့် အကျဉ်းသူ ၂၅ဦးဝန်းကျင်အထိ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဝမ်းလျှောနေတာတွေက ဆက်ရှိနေတုန်းပါပဲ။အဓိကတော့ အကျဉ်းထောင်တွင်းမှာကျွေးမွေးတဲ့ ပဲဟင်းနဲ့ထမင်းတွေဟာ ဒီနှစ်ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး အဆင်မပြေပဲ ပျော့တဲ့အခါ အရမ်းပျော့နေပြီး မာတဲ့အခါမှာလည်း အရမ်းမာတောင့်နေတာမျိုးဖြစ်နေပါတယ်။ ဒါကြောင့် အစာအိမ်ရောဂါအခံရှိသူတွေဗိုက်အောင့်တဲ့ ဝေဒနာခံစားနေကြရတာရှိပြီး ထမင်းအဆင်မပြေကြောင်း တင်ပြပေမယ့် ထောင်ဘက်က တင်ပြပြောဆိုချက်ကို လက်မခံဘူးဖြစ်နေပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် အကျဉ်းသားအချို့မှာ ဝမ်းလျှောမှု သက်သာသွားသော်လည်း နောက်ဆက်တွဲအနေဖြင့် ကိုယ်ခန္ဓာအနှံ့တွင် အနီရောင်အစက်အပျောက်များဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် လက်ရှိ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို နေ့စဉ်ကျွေးနေသည့် ထမင်းသည် စားသောက်ရန် အဆင်မပြေသည့်အတွက် ဇန်နဝါရီလ ၁၄ရက်နေ့တွင်အကျဉ်းသူများနှင့် ထောင်အာဏာပိုင်များကြားတင်းမာမှုအချို့ဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရှိရသည်။
ဓာတ်ပုံ – စစ်ကောင်စီအကျဉ်းထောင်များတွင် အချုပ်သားတချို့ကို ထောင်ဝန်ထမ်းများက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar