လွိုင်ကော်မြို့နယ် ခလရ ၄၂၇ တပ်ရင်းမှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ စခန်းမှ ထွက်ပြေးစဉ် မိုင်းထိမှန်ခဲ့၍ KNDF က ဆေးကုပေးပြီး စောင့်ရှောက်ထား
ရန်ကုန်၊ ဇန်နဝါရီ ၂၃
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ရှေ့တန်းစခန်း တစ်နေရာ၌ တာဝန်ကျနေသော လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သား ၂ ဦးသည် ၎င်းတို့ကိုင်ဆောင်သာ လက်နက်ခဲယမ်းများယူဆောင်ကာ KNDF တပ်ရင်းထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလင်းဝင်ဖို့ ထွက်လာတဲ့အချိန်မှာ သူတို့စခန်းဘေးမှာ စခတွေထောင်ထားတဲ့ မိုင်းမိပြီး ဒဏ်ရာ ရနေလို့ ဆေးကုသပေးနေရတယ်၊ ဒဏ်ရာက စိုးရိမ်စရာတော့မရှိဘူး။ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၆ က ဆင်းလာတဲ့ သူတွေပါ၊ အခုတော့ သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပါတယ်” ဟု KNDF ရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၂ ဦးနှင့်အတူ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ဘောက် ၊ ကျည်အတောင့် ၄၀၀ နှင့်အတူ အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်