စစ်သုံ့ပန်းထောင်ချီကို ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ထားမှုကို မမေ့ရန်၊ AA စစ်သည်တော်တိုင်း လူ့အခွင့်အရေးနှင့်စစ်သည်တော်ကျင့်ဝတ် လိုက်နာရန် ပို့ချ ညွှန်ကြားထားဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၄
အကြမ်းဖက်စစ်တပ်မှ စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့သော AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးခဲ့ပြီး ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံကြောင်း အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့သည်ဟု Fortify Right အဖွဲ့ က ထုတ်ပြန်စွပ်စွဲလိုက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် အဆိုပါ အဖွဲ့က တောင်းဆိုခဲ့သည်။
အဆိုပါ ဗီဒီယိုတွင် ရက္ခိုင့်တပ်တော် AA မှ စစ်သားများ နှင့် အရပ်ဝတ်များက ဖမ်းဆီးခံထားရသူ ၂ ဦးကို ညှင်းပန်းနှိပ်စက်သည့် ဗီဒီယိုဖိုင်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ အလားတူ ဖြစ်ရပ်ကို မတူညီသည့် ကင်မရာနှင့် ရိုက်ကူးထားသည် ဗီဒီယိုဖိုင်သည်လည်း ဇန်နဝါရီလ ၉ ရက်နေ့တွင် Fortify Rights က လက်ခံရရှိခဲ့ကြောင်း၊ အဆိုပါ မှတ်တမ်း ဗီဒီယို ၂ ခုကို စစ်ဆေးကြည့်ရာတွင် စစ်မှန်မှုရှိသည်ဟု ယုံကြည်ကြောင်း Fortify Rights က ထုတ်ပြန်ခဲ့သည်။
စစ်သုံ့ပန်းတချို့ သတ်ဖြတ်ခံရသော ဗီဒီယိုမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျောက်တော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်သူများကို အပြစ်အပေး အရေးယူခဲ့ကြောင်း ခိုင်သုခက ရှင်းပြသည်။
“အခုဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုဆိုလို့ရှိရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့လောက်မှာဖြစ်ခဲ့တာ။ အထူးသဖြင့် ကျောက်တော်မြို့နယ် စကခ ၉ ကို ကျနော်တို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ ကာလမှာ ဒီလိုမျိုး စစ်စည်းကမ်းချိုးဖောက်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တာတွေဖြစ်ခဲ့တာ။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်က သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့ ဒီမြန်မာ အကြမ်းဖက်စစ်သားတွေကို သူတို့ ဖမ်းမိတဲ့အချိန်မှာ ကျနော်တို့ရဲ့ ဒေသခံ ပြည်သူ့စစ်တွေက သူတို့ ဒေါသမထိန်းနိုင်ဘဲ အခုလိုမျိုး လက်စားချေတဲ့ ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက် ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာပါခဲ့တဲ့ အောက်ခြေ တပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူအားလုံးကို ကျနော်တို့ ဖော်ထုတ်ပြီးတော့ အရေး ယူ အပြစ်ပေးထားပြီးသားဖြစ်ပါတယ်” ဟု ခိုင်သုခက ရှင်းလင်းပြောဆိုသည်။
AA အနေဖြင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းမျိုးကို လုံး၀ လက်မခံကြောင်း၊ စစ်သည်တော်များအနေဖြင့် လူ့အခွင့်အရေးနှင့်စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာရန် ပို့ချ ညွှန်ကြားထားကြောင်း၊ ယင်းကဲ့သို့သော ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် ဆက်လက် တင်းကျပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ပြောသည်။
“ဒီကိစ္စဟာ ကျနော်တို့ရဲ့ မူဝါဒနဲ့ လုံး၀ ဆန့်ကျင်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံပါဘူး။ ကျူးလွန်တဲ့ သူများကိုလည်း အရေးယူ အပြစ်ပေးသွားမှာဖြစ်ပါတယ် ကျနော်တို့အနေနဲ့ ဒီလိုကိစ္စမျိုး မဖြစ်အောင် အကောင်းဆုံး ထိန်းကျောင်းပြီးတော့ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဒီတိုက်ပွဲ ကာလ ၁၀ နှစ်အတွင်းမှာ ဒီလိုဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာရှိပါတယ်။ ဒီဟာတွေအတွက်လည်း ထိထိရောက်ရောက် အရေးယူ အပြစ်ပေးထားပြီးဖြစ်ပါတယ်။ တချို့ကိစ္စတွေကတော့ ရန်သူ့ဘက်က အကွက် ကျကျ ဖန်တီးတဲ့ လုပ်ဇတ်တွေက များပါတယ်။ ကျနော်တို့ အာရက္ခတပ်တော်အနေနဲ့ စစ်သည်တော်ကျင့် ဝတ် တွေ လူ့အခွင့်အရေးကျင့်ဝတ်တွေကို လိုက်နာဖို့အတွက် စနစ်တကျ ပို့ချထားတာရှိသလို စစ်မြေပြင်မှာလည်းပဲ လိုက်နာလုပ်ဆောင်ဖို့ အတိအကျ ညွှန်ကြားထားတာရှိပါတယ်။ အကောင်းဆုံးလည်းပဲ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်” ဟု ခိုင်သုခက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ထောင်ချီကို AA က ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ကျွေးမွေးစောင့် ရှောက်ထားကြောင်း၊ ယင်းဖြစ်စဉ်များကို မြင်အောင် ကြည့်ရန် လိုအပ်ကြောင်း ခိုင်သုခက ထောက်ပြသည်။
“ဒီကိစ္စတစ်ခုတည်းကို ကြည့်ပြီးတော့ ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီးတော့ ကောင်းကောင်းမွန်မွန် ကျွေးမွေး စောင့်ရှောက်ထားတာကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ မမေ့ဖို့လည်း လိုပါတယ်” ဟု ခိုင်သုခက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်ထားကြောင်း၊ ရခိုင်အမျိုးသမီးများကို အကြိမ်ကြိမ် မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ်သော ဖြစ်စဉ်များရှိကြောင်း၊ ကလေးငယ်များကိုပါ အစဖျောက် သတ်ဖြတ်သော ဖြစ်စဉ်များလည်းရှိကြောင်း သိရှိရသည်။
“ဒီစစ်ပွဲကာလမှာ စစ်စည်းကမ်းချိုးဖောက်မှုတွေနဲ့ အပြန်အလှန် လက်စားချေမှုတွေကတော့ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် ရမ်းချောင်းတိုက်ပွဲကာလတုန်းကဆိုရင် ကျနော်တို့ရဲ့ ရဲဘော်တချို့ မြန်မာစစ်တပ်ဆီမှာ အဖမ်းခံရပြီးတော့ အရှင်လတ်လတ် ဗိုက်ခွဲ အူဆွဲနုတ်ပြီးတော့ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။ ပြီးလို့ရှိရင် ကျနော်တို့ရဲဘော်မိသားစုဆွေမျိုးတွေကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးပြီးတော့ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့တာတွေရှိတယ်။ အမျိုးသမီးငယ်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးတော့ အကြိမ်ကြိမ် မုဒိမ်းကျင့် ပြီးလို့ရှိရင် မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။ နောက်တစ်ခုကတော့ တင်းမရွာဖြစ်စဉ်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ် အပါအဝင် ရွာသား ၁၈ လောက်ကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးတော့မှ အစဖျောက် သတ်ဖြတ်လိုက်တာရှိတယ်”ဟု ခိုင်သုခက ရှင်းပြသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Fortify Rights မှ တာဝန်ရှိသူတစ်ဦးကမူ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ မြန်မာစစ်တပ်တို့အနေဖြင့် စစ်ပွဲဆိုင်ရာ ဥပဒေများကို သေချာလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။
“အခုလို တရားလက်လွတ် သတ်ဖြတ်မှုဟာ နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေနဲ့ ရောမစာချုပ်ပါ ဥပဒေတွေကို ချိုးဖေါက်ရာရောက် ပါတယ်။ ဒီဥပဒေတွေ စစ်ပွဲမှာပါဝင်ပတ်သက်နေတဲ့ လက်နက်အဖွဲ့တိုင်းအတွက် အကျုံးဝင်တယ်။ ဖမ်းမိထားတဲ့ စစ်သုံ့ ပန်းတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ ခွင့်မပြုထားဘူး။ လိုအပ်တဲ့အကာအကွယ်တွေပေးပြီး တရားဥပဒေအတိုင်း စီရင် ပြစ်ဒဏ်ပေးရမယ်လို့ ပြောဆိုထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံရှိ စစ်ကောင်စီတပ်ရော တော်လှန်ရေးလက်နက် ကိုင်အဖွဲ့တွေရော စစ်ပွဲဆိုင်ရာဥပဒေတွေကို သေချာကြပ်မတ်ပြီး လိုက်နာဖို့ အရေးကြီးတယ်” ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar