ရန်ကုန်၊ ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်စဉ် မိုင်းပေါက်ကွဲခြင်းမရှိသောကြောင့် ပြည်သူများ ရုံးအနီး သွားခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း The Light of Union မြို့ပြစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ် အမှတ် ၄၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရူံး အတွင်း The Light of Union မြို့ပြစစ်ဆင်ရေး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းထောင်ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အုပ်ချုပ်ရေးမှူး အပါအဝင် ရုံးအဖွဲ့သားများ ရောက်လာချိန် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်းသိရှိရသည်။
ထို့ကြောင့် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် အုပ်ချုပ်ရေးမှူး ရုံးအတွင်း ဝင်ရောက်၍ ဧည့်စာရင်း တိုင်ကြားခြင်း၊ ထောက်ခံ စာပြုလုပ်ခြင်း ကိစ္စရပ်များအား ယခုရက်ပိုင်းများအတွင်း မပြုလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း၊ မပေါက်ကွဲသေးသည့်မိုင်း အန္တရာယ်ကို အထူးသတိပြု ရှောင်ရှားနိုင်စေရန် အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။
“ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့မိုင်းက နည်းစနစ်ပိုင်း ဆိုင်ရာ ချို့ယွင်းလို့ ပေါက်ကွဲမှု မရှိခဲ့ပါဘူး။ အဲတာကြောင့် ရပ်ကွက်နေ ပြည်သူတွေအတွက် ရုံးအနီးမသွားရောက်ဖို့ သတိပေးခြင်းဖြစ်ပါတယ်” ဟု The Light of Union မြို့ပြစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင် အုပ်ချုပ်ရေးဒေါက်တိုင်များဖြစ်ကြသော အုပ်ချုပ်ရေးမှူးနှင့်တကွ အပေါင်းအပါများသည် စစ်ကောင်စီ အလိုကျ မတရား စစ်မှုထမ်းခေါ်ဆောင်ခြင်း၊ အနိုင်ကျင့် မိုက်ကြေးခွဲ ဆက်ကြေးတောင်းခြင်းများ ရပ်ကွက်နေ ပြည်သူများအပေါ်တွင် ပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရပ်ကွက်ရုံး အပါအဝင် စစ်အုပ်ချုပ်ရေး ဒေါက်တိုင်များကို ပြင်းထန်စွာ သတိပေးလိုပြီး စစ်ကောင်စီအလိုကျ ပြည်သူများအပေါ်တွင် ရက်စက်ယုတ်မာမှုများ ဆက်လက် ကျူးလွန်နေသမျှ ကာလပတ်လုံး မြို့ပြ စစ်ဆင်ရေး အဖွဲ့များ အနေဖြင့် ပြင်းထန်ထိရောက်သော စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်တင်သွားမည် ဆိုတာကို ပြတ်သားစွာ သတိပေးလိုကြောင်း The Light of Union မြို့ပြ စစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဓာတ်ပုံ – မြို့ပြတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့က အသုံးပြုနေသည့် မိုင်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar