မုံရွာ-ချောင်းဦးနှင့် ချောင်းဦး-မြင်းမူ လမ်းပိုင်းတို့တွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် ကြေးနီတင်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းမပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ကြောင်း Special Force-11 (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောပုရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများသည် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် လမ်းကင်းယူပြီး ပြည်သူများထံမှ ဆက်ကြေး ကောက်နေစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီနေရာက သူတို့ အမြဲတမ်းစုရပ် လုပ်နေကြတာ မိုင်းဆွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ ၃ ဦးသေပြီး ၄ ဦး ဒဏ်ရာရတာအပြင် နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်ပါတယ်” ဟု Special Force-11 (LPDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDFတပ်ခွဲ ၁ ၊ Special Force-11(LPDF) ၊ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့ နှင့် Monywa Dynamite (STF) အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အလားတူ မုံရွာမြို့တွင်းမှ မုံရွာ -မန္တလေးလမ်းအတိုင်း စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မုံရွာမြို့မှ စစ်ကိုင်းဘက်ကို မုံရွာ-မန္တလေး လမ်းအတိုင်း ထွက်ခွာလာသည့် ကြေးနီများ သယ်ဆောင်လာသော ယာဉ်တန်းနှင့် လုံခြုံရေး လိုက်ပါလာသော စစ်ကားများကို ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လုံခြုံရေးကား ၄ စီးကို မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကား ၁ စီးထိမှန်ကာ လမ်းပေါ်တွင် ထိုးရပ်သွားပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ကြေးနီး တင်လာတဲ့ ကားတွေနဲ့ လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ စစ်ခွေးရဲ့ စစ်တပ် သုံးကားတွေကို ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ အသင့် ပြင်ဆင်ထားတဲ့ မိုင်းကွင်းတွေအနီး နေရာယူထားပြီး စစ်တပ်ကား ၄ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက် ခံရချိန်တွင် စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၃၀ လောက် တရစပ် ပြန်လည် ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ ပူပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ -လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers စစ်ကြောင်း ၊ Eleven People Defense Force၊ ဗိုလ်နိုင် လေပွေ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မုံရွာခရိုင် တပ်ရင်း ၁၅၊ တပ်ခွဲ -၃) နှင့် Royal Tiger Force (ဆားလင်းကြီး) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။