22 C
Yangon

ဆိပ်ဖြူနှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်ပျူစောထီးများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ဆိပ်ဖြူနှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့်ပျူစောထီးများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ဇန်နဝါရီ ၂၈

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ပျုစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း Black Eagle Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ပျုစောထီးရွာ ကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀နာရီခန့်အချိန် နှစ်ကြိမ်နှင့် မွန်းလွဲ ၂နာရီခန့်တွင် နှစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ ဒရုန်းများနှင့် ပြန်လည်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသည်။

“လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတော့ ပြည်သူ ထိခိုက်တာ မဟုတ်ဘူး။ သူတို့က ဒရုန်းနဲ့ ပြန်လာကျဲတာမှာ ကျွန်တော်တို့က ရှောင်ခဲ့လိုက်တယ်။ ပြည်သူ ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရှိတယ်။ ဒရုန်းနဲ့ သူတို့က ပြန်ပြီး ဗုံးလာကျဲတာ။ ရွာထဲကို ကျဲသွားတာ အဲဒီမှာ ပြည်သူ ၃ ဦး ထိခိုက်သွားတာ” ဟု Black Eagle Drone Forceမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၂၆ရက်နေ့ နံနက် ၆နာရီ ၄၅ မိနစ်အချိန် နှင့် နံနက် ၇ နာရီဝန်းကျင်ခန့်အချိန် ကပစ ၂၂ မှ ကင်းလှည့်ရန်ထွက်လာသော အင်အား ၂၀ ဝန်းကျင်ခန့်ပါသော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို Black Eagle Drone Force ဗိုလ်မထားတပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ ဒရုန်း ၁ စီးလည်း ဆုံးရှုံးခဲ့ကြောင်း၊ မိဘပြည်သူများ အနေဖြင့် ဒရုန်းများထပ်မံဝယ်ယူနိုင်ရန် ဝိုင်းဝန်းကူညီပေးကြရန် တော်လှန်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြိုင်မြို့တွင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မန္တလေး ဂိတ်ဖက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၂ ဦးကို အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ကိုလင်းမြွေတပ်ဖွဲ့နှင့် ကိုဆံရှည်တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းအချိန် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေ ရဲစခန်းမှ အကြမ်းဖက် စစ်သား၊ ပျူစောထီးများသည် လင်းကတောရွာအတွင်း မိုင်းထောင်ပြီး အများပြည်သူများ၏ အစား အသောက်များကို ခိုးယူ‌နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကိုင်ဆောင်အသုံးပြုသော BA 63 အမျိုးအစား သေနတ် ၂ လတ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပကဖ အမှတ် ၁ တပ်ရင်း ၊ ဆားလင်းကြီး SSTF တပ်ဖွဲ့နှင့် မြိုင် ပကဖ – မြောက်ပိုင်းဇုန်တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article