မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာချိန် စစ်တပ်က ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှု ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် စိုးရိမ်နေပြန်
မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာချိန် စစ်တပ်က ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေမှု ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် အန်တိုနီရယ် ဂူတာရက်စ်က စိုးရိမ်နေကြောင်း ထုတ်ပြန်ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှု အပါအဝင် နိုင်ငံရေးအခွင့် အရေးများ လွတ်လပ် ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်သည့် အခြေအနေများ မရှိသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အပါ အဝင် ပဋိပက္ခများ ပြင်းထန်လာနေချိန် ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင် စီ က စီစဉ်နေသည့် ရည်ရွယ်ချက်အပေါ် စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံမှ အကြမ်းဖက်မှုပုံစံ အားလုံးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုတ်ချလိုက်ပြီး လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွန်း၊ဥပဒေကို လေးစားလိုက်နာရန်၊ သက်ဆိုင်သူအားလုံးက အခြေ အနေကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် အတွင်းရေး မှူး ချုပ်က ပန်ကြားသည်။
စစ်အာဏာသိမ်းပြီး ၄နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆက်လက်ယိုယွင်း ပျက်စီးနေပြီး အရပ်သားပြည်သူများလည်း ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အကူအညီလိုအပ်နေသော ပြည်သူ သန်း ၂၀ နီးပါးရှိနေပြီး မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံတစ်ပုံကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
အားလုံးပါဝင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စေရန် စစ်ကောင်စီအနေဖြင့် အာဏာကို လက်လွှတ်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောဆိုသွားသည်။