29.2 C
Yangon

DKBA ထိန်းချုပ်ထားသော ဘုရားသုံးဆူမြို့ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းထံသို့ လူကုန်ကူးရောင်းစားခံခဲ့ရသော တရုတ်စစ်သားဟောင်း ရုပ်ရှင်ဆန်ဆန် ထွက်ပြေးလွတ်မြောက်

Must read

ရန်ကုန်၊ မေ ၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ DKBA ထိန်းချုပ်ထားသော ကျားဖြန့်ငွေလိမ်ဂိုဏ်းထံသို့ လူကုန်ကူးရောင်းစားခံခဲ့ရသော တရုတ်စစ်သားဟောင်းတစ်ဦးမှာ ရုပ်ရှင်ဆန်ဆန် ကျားဖြန့်ငွေလိမ်ဂိုဏ်းထံမှ ထွက်ပြေးလွတ်မြောက်လာကြောင်း South China Morning Post သတင်းစာက သတင်းဖော်ပြသည်။

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်း (Scam) စခန်းတစ်ခုတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် တရုတ်ခြေလျင်တပ်သားဟောင်းတစ်ဦးသည် ၎င်း၏ စစ်ပညာများကို အသုံးပြုကာ တံတိုင်းကို ကျော်တက်ခြင်း၊ အနံ့ခံခွေးများ၏ ရန်မှ ကာကွယ်ရန် နွားချေးများဖြင့် မိမိ၏ကိုယ်နံ့ကို ဖျောက်ခြင်းနှင့် လက်နက်ကိုင်ကင်းစောင့်ကို အောင်မြင်စွာ တိုက်ခိုက်ခြင်းတို့ ပြုလုပ်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ တရုတ်စစ်သားဟောင်း ရန်လေ့ (Yang Lei)သည် ပြီးခဲ့သည့် မတ်လလယ်ပိုင်းက လူ ၁၀ ဦးပါဝင်သော ခရီးသွားအဖွဲ့ကို ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ်အနီးသို့ သွားရောက်ခဲ့သည်။ ထိုစဉ် ၎င်းတို့ ငှားရမ်းထားသည့် ဒေသခံဧည့်လမ်းညွှန်က နယ်စပ်ကို တရားမဝင် လမ်း ကြောင်းမှ ဖြတ်ကျော်ရန် ကြိုးပမ်းရာမှ မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက် ဧည့်လမ်းညွှန် အပါအဝင် ၎င်းတို့အဖွဲ့ဝင် ၁၁ ဦးစလုံးမှာ တစ်ဦးလျှင် USDT ၂၀,၀၀၀ (အမေရိကန်ဒေါ်လာနှင့် ညီမျှသော ခရစ်ပတိုငွေကြေး) ဖြင့် လူကုန်ကူးသူများထံ ရောင်း စားခြင်းခံခဲ့ရပြီး၊ နောက်ဆုံးတွင် ဘုရားသုံးဆူတောင် ကြားအနီးရှိ ဘုရားသုံးဆူမြို့မှ ကျားဖြန့် ငွေလိမ်စခန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

၂၀၀၂ ခုနှစ်တွင် တရုတ်စစ်တပ်သို့ဝင်ရောက်ခဲ့ပြီး စက်မှုခြေလျင်တပ်ရင်းတွင် လေ့ ကျင့်မှုများ ရရှိခဲ့သည့် ရန်လေ့သည် ကျားဖြန့်ငွေလိမ်ဂိုဏ်းစခန်းအတွင်းသို့ ရောက်ရှိချိန် ကျားဖြန့်ဂိုဏ်းမှ လူမိုက်များ၏ အရိုက်အနှက်ခံခဲ့ရသည်။ သို့သော် ပထမဆုံးညမှာပင် ၎င်းတို့အားလုံးကို ဒုက္ခရောက်အောင်လုပ်ခဲ့သည့် ဧည့်လမ်းညွှန်ကို ရန်လေ့က သေလုနီးပါး ရိုက်နှက် ဆုံးမပြသခဲ့ခြင်းကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်း စခန်းခေါင်းဆောင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရကာ ဖုန်းတစ်ကြိမ်ခေါ်ဆိုခွင့် ရရှိခဲ့သည်။

ရန်လေ့က ဖုန်းခေါ်ဆိုခွင့်ရစဉ် တရုတ်ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခဲ့ပြီးနောက် ၎င်း၏ ထွက်ပြေးရန် အစီ အစဉ်ကို စတင်ခဲ့သည်။ ကျားဖြန့်ငွေလိမ်ဂိုဏ်း စခန်း၏ အမြင့်မှာ ၆ မီတာရှိပြီး တံတိုင်းကို စစ်သားဟောင်းတစ်ဦး၏ ကျွမ်းကျင်မှုဖြင့် ကျော်တက်ခဲ့ပြီး စခန်းအပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ တောတောင်များအတွင်း ပြေးလွှားနေစဉ် လိုက်လံရှာဖွေသည့် ခွေးများက ၎င်း၏ကိုယ်နံ့ကို မရရှိစေရန်အတွက် မြက်ခင်းထဲရှိ နွားချေးများကို ခန္ဓာကိုယ်တွင် လိမ်းကျံကာ အနံ့ဖျောက်ခဲ့သည်။

၎င်းသည် နယ်စပ်သို့ နောက်တစ်နေ့ နံနက် ၁ နာရီခန့်တွင် ရောက်ရှိခဲ့သော် လည်း လက်နက်ကိုင် ကင်းစောင့်တစ်ဦးရှိနေသဖြင့် နံနက် ၃ နာရီအထိ စောင့် ဆိုင်းခဲ့သည်။ ထို့နောက် အနီးအနားရှိ ကောက်ရိုးကြိုးကို အသုံးပြုကာ ကင်း စောင့်ကို နောက်ကျောမှ ချဉ်းကပ်ဖမ်းဆီး၍ ထိုင်းနိုင်ငံဘက်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေစဉ်တွင်လည်း ရန်လေ့သည် ၎င်း၏ စစ်ဖက်ရဲဘော်ဟောင်းများ၊ ရဲအရာရှိများနှင့် ဖုန်းဖြင့် အဆက်အသွယ်မပြတ် ပြုလုပ်ခဲ့ပြီး နေ့ဘက်တွင် ပုန်းအောင်းကာ ညဘက်တွင်သာ ခရီးဆက်ခဲ့သည်။ နောက် ဆုံးတွင် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးသို့ ရောက်ရှိခဲ့ပြီး နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ကာ တရုတ်နိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ် သည်။

ရန်လေ့က ၎င်း၏ အတွေ့အကြုံကို အွန်လိုင်းတွင် ဝေမျှခဲ့ပြီး အခြားသူများအနေ ဖြင့်လည်း ယင်းကဲ့သို့သော ငွေလိမ်စခန်းများ၏ အန္တရာယ်ကို သတိပြုနိုင်ရန်နှင့် တစ်နေ့တွင် အဆိုပါစခန်းများ ကွယ်ပျောက်သွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လူမှုကွန်ရက် အသုံးပြုသူများကလည်း ၎င်း၏ စွမ်းဆောင်ချက်အပေါ် “သူရဲ ကောင်း တစ်ဦး၏ ဒဏ္ဍာရီ” ဟုပင် တင်စားချီးကျူးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article