32 C
Yangon

နမ့်စန်မြို့ ၊ ခမရ ၅၁၆ တပ်ရင်းတွင် စစ်သား အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ် ၁ ဦးသေဆုံး၊ အောင်လံမြို့၊ လောင်းကစား၀ိုင်းတွင် ရွာထောင်ရပ်ကွက် ရာအိမ်မှုး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ အခြေစိုက် ခမရ ၅၁၆ တပ်ရင်းတွင် စစ်သား အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ကာ တပ်ကြပ် ၁ ဦးသေဆုံးခဲ့ကြောင်း ခမရ ၅၁၆ မှ တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် နမ့်စန်မြို့ အခြေစိုက် အမှတ် ၅၁၆ ခြေမြန်တပ်ရင်းတွင် ကင်းစောင့်နေသည့် တပ်သား ၁ ဦးကို မူးရူးလာသော တပ်ကြပ်က ဆဲဆို ရိုက်နှက်ရာမှ စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆို ပါ ပစ်ခတ်မှု အတွင်း တပ်ကြပ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရုပ်အလောင်းကို နာရေးသဂြိုလ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။

“နမ့်စန်က ၅၁၆ တပ်ရင်းမှာ တပ်ကြပ်နဲ့ တပ်သား သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့ပါတယ်။ တပ်ကြပ်က မူးရူးပြီး ကင်းစောင့်နေတဲ့ တပ်သားကို သွားရစ်ရာကနေ ပြန်ပြောလို့ဆိုပြီး ရိုက်နှက စကားများကြတယ်။ ပြီးတော့ တပ်သားက အသင့်ရှိနေတဲ့ သေနတ်နဲ့ မူးနေတဲ့ တပ်ကြပ်ကို ပစ်တာ။ နာရေးက မနေ့က ပြီးပါတယ်။ ပစ်ခတ်တဲ့ တပ်သားကိုလည်း ဖမ်းဆီးထားပါတယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ အောင်လံမြို့တွင် လောင်းကစားဝိုင်းအတွင်း ဝင်ရောက် ဆဲဆိုရိုက်နှက်သည့် ရွာထောင်ရပ်ကွက် ရာအိမ်မှူး အောင်ကျော်မြင့် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ရွာထောင်ရပ်ကွက် ဆာပါရပ် ရာအိမ်မှူး အောင်ကျော်မြင့်သည် ပုံတူလောင်း ကစားဝိုင်းကို သွားရောက်ပြီး တစ်ရပ်ကွက်ထဲနေထိုင်သူ ကိုစနေဆိုသူကို ပါးရိုက်ပြီး ဆဲဆို ခြိမ်းခြောက်ရာမှ စကားများ ရန်ဖြစ်ကြကြောင်း၊ ယင်းနောက် ဓားဖြင့် အထိုးခံရကြောင်း၊ ရာအိမ်မှူး အောင်ကျော်မြင့်၏ လည်းပင်းနှင့် ခန္ဓာကိုယ် အနှံ့ ထိုးဓားထိုးခံခဲ့ရကာ ရရှိဒဏ်ရာမျးဖြင့် ဆေးရုံတွင် ညသန်းခေါင်ယံအချိန် သေဆုံးခဲ့ကြောင်း သိရသည်။

” ရွာထောင်ရပ်ကွက် ရာအိမ်မှုး အောင်ကျော်မြင့်က ပုံတူလောင်းကစားဝိုင်းကိုလာပြီး တစ်ရပ်ကွက်ထဲနေတဲ့ ကိုစနေ ဆိုတဲ့သူကို ပါးရိုက် ဆဲဆို ခြိမ်းခြောက်ရာကနေ စကားများ ရန်ဖြစ်တာလို့ သိရတယ်။ ကိုစနေက သူ့မှာပါလာတဲ့ ဓားနဲ့ လည်ပင်းနဲ့ ခန္ဓာကိုယ်တွေကို ထိုးသွင်းလိုက်တာ ဆေးရုံရောက်ပြီးတော့ သေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော ရာအိမ်မှူး အောင်ကျော်မြင့်သည် ရပ်ကွက်နေ ပြည်သူများအပေါ် ရိုင်းစိုင်းမောက်မာခြင်း၊ စစ်မှုထမ်း စာရင်းကို တက်တက်ကြွကြွ ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ပြီး ၎င်းသတင်းပေး တိုင်ကြားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံတပ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article