စစ်မှုထမ်းရမည့်သူ ထွက်ပြေးတိမ်းရှောင်သွား၍ အစားထိုးဖမ်းဆီးမှုများ စစ် တပ်က စတင်လုပ်ဆောင်၊ စစ်တပ်ထဲတွင် လူပျောက် စုံစမ်းမှုများ လက်မခံ
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို နေအိမ်အထိ စစ်မှု ထမ်းရန် လိုက်လံ ခေါ်ဆောင် ဖမ်းဆီးနေပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်နေသော လူငယ်များ မရှိလျှင် အိမ်တွင် ရှိသူများကို အစားထိုး ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရှမ်းစုကျေးရွာမှ လူငယ်တချို့ကို စစ်တပ်က စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် လာရောက် ခေါ်ဆောင် ဖမ်းဆီးရာတွင် စစ်မှုထမ်းရမည့်လူငယ် တိမ်းရှောင်သွား၍ နေအိမ်တွင် ရှိနေသူကို အစားထိုး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီခန့်အချိန် ရှမ်းစုရွာမှ ကိုဇေ ဆိုသူကို စစ်မှုထမ်းအစားထိုးတပ်သားသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ကြောင်း၊ ကိုဇေ၏ အကိုဖြစ်သူမှာ စစ်မှုထမ်းရန် အလှည့်ကျသော်လည်း တိမ်းရှောင်သွားသဖြင့် ညီဖြစ်သူ ကိုဇေကို စစ်တပ်က နေအိမ်အထိ လာရောက် အစားထိုး ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့ပြင် အဆိုပါကျေးရွာမှ အခြားလူငယ်တစ်ဦးလည်း စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“ည ၈ နာရီလောက်မှာ စစ်တပ်က မု့န်ပို့တဲ့ ဘောက်ကားအလုံ ပိတ်တွေနဲ့ ရွာထဲကို အရပ်ဝတ်နဲ့ ဝင်လာပြီး ရွာသား ၂ ဦးလုံးကို ဖမ်းဆီးသွားတာ။ ကိုဖိုးရှမ်းနဲ့ ကိုဇေ ၂ ဦး ပါသွားတာ။ ကိုဇေကတော့ အစားထိုး အဖမ်းခံရတာပါ။ သူ့အကို မရှိတော့လို့ သူ့ညီကို ခေါ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကိုဖိုးရှမ်းနှင့် ကိုဇေ လူငယ် ၂ ဦးကို လာရောက် ခေါ်ဆောင် ဖမ်းဆီးခဲ့ရာတွင် နေရပ်လိပ်စာ အတိ အကျဖြင့် လာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ရှမ်းစုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုဟိန်းက စစ်တပ်နှင့်အတူ ဖမ်းဆီးရာတွင်ပါဝင်ခဲ့ကြောင်း၊ လတ်တလော ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ မိသားစုဝင်များက အုတ်တွင်း စခန်းနှင့် ကျွဲပွဲ စခန်းများကို လိုက်စုံစမ်းနေခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသော လူငယ် ၂ ဦး၏ သတင်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် မင်းလှလမ်းရှိ အဆောင်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် ဆံပင်ညှပ်ဆရာ ကိုကျော်ကျော်မှာ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးမှု ခံလိုက်ရပြီး စစ်မှုထမ်း တပ်သားအဖြစ် ခေါ်ဆောင်ရန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုကျော်ကျော်သည် သူငယ်ချင်း ဖြစ်သူများနှင့် ဆံပင်ညှပ်ဆိုင် ဖွင့်လှစ်ထားသူများဖြစ်ပြီး လက်ရှိချိန်တွင် ၎င်းသူငယ်ချာင်း ဖြစ်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။။
“လှိုင်သာယာ ၉ ရပ်ကွက် မင်းလှလမ်း အဆောင်မှာ နေထိုင်တဲ့ ကိုကျော်ကျော်ကို စစ်ခွေးတွေက နေအိမ်အထိ လာရောက် ဖမ်းဆီးသွားတယ်။ ကိုကျော်ကျော်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ သူက ၉ ရပ်ကွက် ဘားအံလမ်းက ချောင်းသာ လက် ဖက်ရည်ဆိုင်ဘေးမှာ ဆံပင်ညှပ်ဆိုင် ဖွင့်ပြီး အလုပ်လုပ်တာ အခု သူ့သူငယ်ချင်းတွေလည်း ရှောင်နေရတယ်။ အဲဆိုင်က သူတို့ သူငယ်ချင်းတွေ အတူတူ ဖွင့်ထားတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ပေါ် ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က လူငယ် ၃ ဦးကို နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မြင့်ခိုင်နှင့် နယ်မြေရဲများက သမိုင်းကျေးရွာတွင် နေထိုင်သော မောင်ထက်ပိုင်ကို နေအိမ်ထိ ဝင်ရောက် ဖမ်းဆီးကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း တလုပ်ထော်မြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေး မောင်စိုးနှင့် ရဲများက မြစ်ကိုင်းကျေးရွာတွင် နေထိုင်သော ကိုမင်းလွင်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊၊ ထို့ပြင် ယင်းနေ့ ညနေပိုင်းတွင် တလုပ်ထော်မြို့ ဥယာဥ်ကျေးရွာမှ မောင်ငပြဲ ကိုလည်း အုပ်ချုပ်ရေးမူး သောင်စိုးနှင့် ရဲများက ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်။
ထို့အတူ တလုပ်ထော်မြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမူး မျိုးအောင်နှင့် ရဲများ ကလည်း ကျွန်းတော့ကုန်းကျေးရွားမှ လူငယ်များကိုလည်း လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်များ ထွက်ပြေးနေကြောင်း၊ အမှတ် ၅ ရပ်ကွက်အပိုင်နယ်မြေများတွင်လည်း အုပ်ချုပ်ရေးမှူးများ နှင့် ရဲများ လူငယ်များကို လိုက်လံ ဖမ်းဆီးနေ၍ ထွက်ပြေးနေသူများ လည်းရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးနေသဖြင့် စစ်မှုထမ်းတပ်သားများ စုဆောင်းရာ စစ်တပ်များတွင် သွားရောက်စုံစမ်းရာတွင် စစ်တပ်က ယင်းကဲ့သို့ လူပျောက်စုံစမ်းမှုများကို လက်ခံမည်မဟုတ်ဟု လာရောက်စုံစမ်းသူများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကန်မြို့၊ သန်လျင်မြို့နယ်တွင် နေထိုင်သော လူငယ် ၂ ဦးသည် နေအိမ်မှ ကျောင်းသို့ သွား ရောက် စဉ် ပျောက်ဆုံးသွားကြောင်း၊ မိသားစုဝင်များက ကျောင်းနှင့် ကျူရှင်များတွင် လိုက်လံ စုံစမ်းနေသော်လည်း လက်ရှိချိန်ထိ ပြန်လည်တွေ့ခြင်းမရှိသေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ဦးသည် နေအိမ်ထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်သာယာမြို့နယ် အောက်ထိပ်၌ နေထိုင်သော ကိုအေးနိုင်ဝင်းသည် သူငယ် ချင်းဖြစ်သူနှင့် နေအိမ်မှ သွားပြီးနောက် ဖုန်းအဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်များ။
