NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ်များသမဂ္ဂတို့က ပူးတွဲ ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲကို ဂျပန် အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ တက်ရောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၄
ဂျပန်နိုင်ငံတွင် NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ်များ သမဂ္ဂတို့က ပူးတွဲ ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲကို ဂျပန် အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံ လွှတ်တော်အမတ်များရုံးတွင် မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ် အလွန် လက်ရှိ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ၊ စစ်တပ်မှ အာဏာလုယူမှု နောက်ဆက်တွဲ ပဋိပက္ခများနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဂျပန်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာ သံတမန်များနှင့် သတင်းမီဒီယာများထံ ရှင်းလင်းတင်ပြနိုင်ရန် အတွက် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များ သမဂ္ဂနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့က ပူးတွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အထက် လွှတ်တော်နှင့် အောက် လွှတ်တော် အမတ်များထံမှ ကြိုတင် ကောက်ခံထားသည့် လက်မှတ်ရေးထိုး တောင်းဆိုစာကို ကြားနာပွဲသို့ တက်ရောက်ကြသူများမှ တညီတညွတ်တည်း ထောက်ခံအားပေးခဲ့ကြပြီး ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့်ဆက်လက်ပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့မှလည်း တက်ရောက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စစ်ရှောင် ကလေးငယ်များ၏ ပန်းချီများနှင့် မြန်မာပြည်တွင်း အခြေအနေမှန်များကို သိရှိနားလည်နိုင်ရန် ဓါတ်ပုံများအကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ယင်း အခမ်းအနားသို့ လွှတ်တော်အမတ်အများအပြား စိတ်ဝင်စားတက်ရောက်ခဲ့ကြပြီး တက္ကသိုလ် ပါမောက္ခများ၊ NGO/NPO များ၊ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ တာဝန်ရှိသူများ ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ခံများ၊ သတင်းမီဒီယာများနှင့် မြန်မာ့အရေးအစဉ်တစိုက် ကူညီပေးနေသူ ဂျပန်နိုင်ငံသားများ ၊ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအပါအဝင် ပရိတ်သတ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။