ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇီးဖြူကုန်းကျေးရွာတွင် ရောက်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆိပ်ခွန်ရွာဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦး နှင့် လူကြီး ၃ ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ဘဲနဲ့ ထုတာ ဘုရားစောင်းတန်၊ ဇရပ်နဲ့ ဘုန်းကြီးကျောင်းအဆောက်အအုံတွေလည်း လက်နက်ကြီးစမှန်တယ်။ အင်ကြင်းတော ဘုရားမြောက်ဘက်က လယ်တဲတွေနဲ့ ဘုန်းကြီးကျောင်းအနီးတဝိုက် ၃ လုံးကျတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၃၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရကြောင်း၊ ဇီးဖြူကုန်းရွာတွင် ရောက်နေသော အကြမ်းဖက် စစ်တပ်သည် ရိက္ခာပို့ စစ်ကြောင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဇီးဖြူကုန်းရွာ၌ ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ပြီး နေ့စဉ် လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်းကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476631564_985698060324467_4229851696706818823_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476440008_985698053657801_6471560949948981109_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/475969412_985698080324465_3728469625252750698_n.jpg)