24.6 C
Yangon

ဘောလခဲ၊ နန်းဖဲကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံးပြီး နေအိမ်ဈေးဆိုင် ပျက်စီး၊ မိုးဗြဲတွင်လည်း စစ်တပ်က အလုံး အရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ဈေးဆိုင်တစ်လုံး ပျက်စီးခဲ့ ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီခန့်အချိန် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဈေးရောင်းချနေသူ အမျိုး သမီးတစ်ဦးသေဆုံးပြီး ဈေးဆိုင်တစ်ခုလုံးလည်းထိခိုက်ပျက်စီးသွား‌ ကြောင်း သိရသည်။

“မနေ့ညက ၉ နာရီလောက်မှာဖြစ်ပါတယ်။ စစ်ကောင်စီက နန်းဖဲကျေးရွာအုပ်စုထဲမှာရှိတဲ့ နေရာ တနေရာက ဈေးဆိုင်လေးကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ဈေးရောင်းနေတဲ့ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တာပါ။ သေဆုံးတဲ့သူတစ်ဦးပဲ ရှိတယ်လို့ပဲ သိရပါတယ်။” ဟု KNDF ဗဟို သတင်း နှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ကရင်နီပြည်နှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မိုးဗြဲတွင် ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ​ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က အလုံး အရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ နေ့ညမပြတ် စစ်လေယာဉ်များဖြင့် ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။

“မိုးဗြဲဘက်ကို စစ်တပ်က အလုံးအရင်းနဲ့ကို ထိုးစစ်ဆင်နေတာ။ စစ်မှုထမ်း တပ်သားသစ်တွေများတယ်။ လေယာဉ်တွေကလည်း တောက်လျှောက် ဗုံးကျဲနေတယ်” ဟု ရှေ့တန်းတွင် ရောက်ရှိနေသော တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article