26 C
Yangon

လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြား ရာထူးအပြောင်းအလဲများ လုပ်ပြန်

Must read

လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြား ရာထူးအပြောင်းအလဲများ လုပ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် MNDAA က ဖမ်းဆီးရရှိခဲ့ပြီး စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိခဲ့သည်။

ယင်းနောက် ရမခ တိုင်းစစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် သန့်ထင်စိုးသည် MNDAA လက်ထဲမှ မည်သို့ မည်ပုံ ပြန်လည် လွတ်မြောက်လာသည်ကို မသိရှိရသော်လည်း ယခု ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဟိုပုံး အခြေစိုက် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရခြင်းဖြစ်သည်။

စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနေရာကို စကခ ၇ ဖယ်ခုံမှ မှူးချုပ် ကျော်သူရ (DSA ၄၀) ၊ တတက ၆ အုတ်တွင်း ကျောင်း အုပ်ကြီးနေရာကို စကခ ၈ ထားဝယ်မှ မှူးချုပ် စန်းညွန့်လှိုင်(တေဇ ၂၆)၊ ဒကစ ကလေး ဒေသကွပ်ကဲရေးမှူး နေရာကို တမခ ၆၆ အင်းမ ဒုတပ်မမှူး အောင်ကျော်ဆိုင် (တေဇ ၂၆) တို့ကို ပြောင်းရွှေ့နေရာ ချထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် တမာတော ဆေးတက္ကသိုလ် ဒုကျောင်းအုပ်ကြီး နေရာကို စကခ ၁၈ မိုင်းဖြတ် ဒုစစ်ကြောင်းမှူး သက်နောင်ထူး (DSA ၄၃) ၊ တမခ ၁၁ အင်းတိုင် တပ်မမှူး နေရာကို တပ်ထိန်းချုပ်ရုံးမှ ဒုတပ်ထိန်းချုပ် ကျော်စွာထွန်း၊ စစ်တက္ကသိုလ် ဒုကျောင်းအုပ်ကြီး နေရာကို စဗခ ကွန်ဟိန်း အခြေချ စစ်ဗျူဟာမှူး အောင်ကိုနိုင် (DSA ၄၀) ၊ ရတခ မော်လမြိုင် ဒုတိုင်းမှူး နေရာကို တတက ၄ ဝဲကလိန် ဒုကျောင်းအုပ်ကြီး ဗညားဝင်း (တေဇ ၂၅) ၊ ကကခန်း နေပြည်တော် ဒုစခန်းမှူး နေရာကို စကခ ၂ မိုင်းနောင်မှ ဒုစစ်ကြောင်းမှူး ဇော်ဇော်ထွန်း (DSA ၄၀ ) တို့ကို ပြောင်းရွှေ့နေရာချထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီအပြောင်းအရွှေ့တွေက ကျောင်းအုပ်ကြီးတွေ ခန့်လိုက်တဲ့ဟာတွေပါ။ ကျောင်းအုပ်ကြီးတွေ ခန့်လိုက်တာ ဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးတွေ ပြီးရင် တိုင်းမှူး လျာထားတာရှိတယ်။ တိုင်းမှူးတွေအထိပါ နောက် Generation အသစ်လာမယ်လို့ ကျွန်တော်ကတော့ မှန်းဆပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဥစတ ကျောင်းအုပ်ကြီးခန့်တယ်။ ပြီးတော့ တတက ၆ ကျောင်း အုပ်ကြီးခန့်ထားတာတွေ တွေ့ရတယ်။ Generation အသစ်တွေ လဲနေပြီ ထပ်ပြီးတော့ ။ သူတို့ထိပ်ပိုင်းက လူသာ မပြောင်းတာ အလယ်မကျတကျ စစ်ဗိုလ်ချုပ်တွေ၊ မြေပြင် စစ်ဗိုလ်ချုပ်တွေကို သူ Generation တွေ ပြောင်းနေပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ထိပ်ပိုင်းနေရာရယူထားသူများသည် ရာထူး မတက်တော့မည့် လူများကိုလည်း ရွေး ကောက်ပွဲကာလအတွက် အရပ်ဘက်တွင် ကြိုတင်၍ နေရာချထားခြင်းများလည်း လုပ်ဆောင်နိုင်ကြောင်း ၊ လက်ရှိအပြောင်းအရွှေ့များတွင် ကျောင်းအုပ်ကြီး ၂ ဦးထက် မနည်း ပါဝင်လာပြီဖြစ်၍ မင်းအောင်လှိုင်က တိုင်းမှူးများနေရာကိုပါ လူသစ်များ လဲလှယ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ- လားရှိုးတွင် MNDAA ၏ ဖမ်းဆီးမှု ခံခဲ့ရသော နံပါတ် ၁ မှာ MNDAA က ဖမ်းဆီးရရှိထားသော ရမခ တိုင်းမှူးဟောင်း စိုးတင့် ဖြစ်ပြီး နံပါတ် ၂ မှာ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းဖြစ်ကာ နံပါတ် ၃ မှာ ဗိုလ်မှူးချုပ် သန့်ထင်စိုးဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article