ကလေးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းထိ အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်အတွင်းရှိ ရန်ကြီးအောင်ရွာ ၊ဆည်တောရွာ ၊ကျော်ရွာ ၊ ရှားဖိုရွာနှင့် တင်သားရွာတို့ကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် ပျက်စီးမှုများလည်းရှိကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” ပြည်သူတွေ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ မြေပြင် အခြေအနေအရ အတည်မပြုနိုင်သေးဘူး။ မနေ့က ညတည်းက စစ်ခွေးတွေ လေယာဉ်တွေက ပတ်ပြီးတော့ ရွာတွေကို ကျဲနေတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတယ်။ ထိခိုက်မှုတွေ ရှိတယ်လို့တော့ သတင်းကြားထားပေမယ့် အတည်မပြုနိုင်သေးတာပါ။ စစ်ခွေးလေယာဉ်တွေကလည်း တောက်လျှောက် ပျံဝဲနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ် ကုက္ကိုလ်ရွာ စာသင်ကျောင်းရှိ ယောဒေသ စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ် အရွယ် မောင်ဖြိုးမောင်မောင် ၊ အသက် ၈ နှစ် အရွယ် မဖြူဖြူပွင့် ၊ အသက် ၃၆ နှစ်အရွယ် မသန်းစု၊ အသက် ၁၂ နှစ် အရွယ် မမဲတူစိန် ၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ ၊ အသက် ၄၀ နှစ် အရွယ် မအေးတင် ၊ အသက် ၁၇ နှစ်အရွယ် မအိဇင်မိုး ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနှင့် အမည်မသိ ပြည်သူ ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ကလေးမြို့ တောင်ပိုင်းရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးများ ပျက်စီးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476509359_987076713519935_939859116787748380_n.jpg)