ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ဦး သတ်ဖြတ်၊ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦး သတ် ဖြတ် ၍ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို ရှိန်းမကားရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှိမ်းမကားခွေးခြံက စစ်ခွေးတွေက လာရှို့သွားတာ ကျနော်တို့ရွာမှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို အကြောင်းမဲ့ လာရှို့သွားတာ နောက်ပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ထားခဲ့တယ်” ဟု ရွာသစ်ရွာသား တစ်ဦးက ပြောဆိုသည်။
ရွာသစ်ရွာသည် အိမ်ခြေ ၁၅၀ နီးပါးခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၃၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ ရွာသစ်ရွာသည် ရှိမ်းမကား အထိုင်စစ်တပ်စခန်းနှင့် ၁ မိုင်နီးပါးခန့်သာ ကွာဝေးပြီး ရှိမ်းမကားရွာ မြောက်ဘက်တွင် တည်ရှိကြောင်း၊ အဆိုပါကျေးရွာကို စစ်တပ်က အင်အား ၈၀ ခန့်နှင့် စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်က စစ်တပ်က လက်နက်မရှိတဲ့ရွာကို အလစ်အငိုက်ဝင်ပြီး ရွာကို မီးရှို့တာ အရပ်သား ၁ ဦးကိုသတ်ဖြတ်သွားကြတာပါ။ပြည်သူတွေရဲ့ ဆုံးရှုံးမှုက အိမ်တွေအပြင် ကောက်ပဲသီနှံ နဲ့ဆန်စပါး စားနပ်ရိက္ခာများပါ မီးလောင်ဆုံးရှုံးခဲ့ကြရတာ။ သူတို့က အလစ်အငိုက်ဝင်လာ တော့ ဘာပစ္စည်းမ သယ်နိုင်ခဲကြဘူး။အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ ပြောပါတယ်” ဟု ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/476964807_988357270058546_7886351735976702249_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477160289_988357196725220_1520061495457653445_n.jpg)