28 C
Yangon

စောချစ်သူ (သို့မဟုတ်) ကျားဖြန့် တို့၏ အဓိက ပင်မ ဒေါက်တိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ(ခ) စံမြင့် အပါအဝင် BGF/KNA ခေါင်းဆောင်တချို့ ကို တရားမဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းကာစီနိုလောင်းကစားကုမ္ပဏီများတွင် ပါဝင်ပတ်သက်မှု၊ လူကုန်ကူးမှုများဖြင့် ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်၏ မိသားစုနှင့် မဟာမိတ်များမှာ ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တွင် ဆိုက်ဘာလိမ်လည်သော ဒုစရိုက်လုပ်ငန်းများလုပ် ဆောင်သည့် ခြံဝင်းကြီးများ၊ တရားမဝင် ကာစီနိုရုံများနှင့် တရားမဝင် လောင်း ကစားလုပ်ငန်းများ ပါဝင်ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ BGF တို့သည် အဆိုပါ တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်ပြီး နိုင်ငံတကာရာဇဝတ်မှုများမှ အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကင်းလွတ်စွာ ကျူးလွန် ချမ်းသာနေကြသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် ၊ ၎င်းတို့မိသားစုနှင့် မဟာမိတ်များ၏ ကြွယ်၀ ချမ်းသာလာပုံများ၊ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည် ဆောက်ထားကြောင်း၊ အဆိုပါ စီးပွားရေးကွန်ရက်များ၏ ချိတ်ဆက်မှုများကို Justice for Myanmar ၊ US Institute for International Peace (USIP) တို့က အစီရင်ခံစာများစွာ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ အစီရင်ခံစာများအနက်မှ ဗိုလ်မှူးကြီးစောချစ်သူ (ခ) စံမြင့်အကြောင်း ပြန်ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ (ခ) စံမြင့်မိသားစု

======================================

ဗိုလ်မှူးကြီးစောချစ်သူ (ခ)စံမြင့်တွင်း သား ၂ ဦး၊ သမီး ၁ ဦး ရှိပြီး ဇနီးဖြစ်သူမှာ နန်းခင်လှသူဖြစ်သည်။ စောချစ် သူ၏ သား ၂ ဦးမှာ BGF ဗိုလ်မှူး စောထူးအယ်မှူး အသက် ၃၂ နှစ်၊ ဗိုလ်မှူး စောချစ်ချစ်၊ အသက် ၂၈ နှစ်နှင့် သမီး နန်းနှင်းနန္ဒာအေးအသက် ၂၆ နှစ်တို့ ဖြစ်ကြသည်။

စံမြင့် (စောချစ်သူ၏ နာမည်လွှဲအဖြစ် အသုံးပြုထားသော နာမည်) နှင့် ၎င်း၏ သားသမီးများသည် BGF ပိုင် ကုမ္ပဏီများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း၊ မိသားစုဝင်များအကြား ရှယ်များခွဲဝေ ပိုင်ဆိုင်ထားခြင်းဖြင့် စံမြင့်(ခ) စောချစ်သူ မိသားစုသည် BGF တပ်၏ စီးပွားရေးလုပ်ငန်း ၆ ခုကို ထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်း သိရှိရသည်။

ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့် ခြံဝင်းကြီး ၂ ခုဖြစ်သော Apollo Park နှင့် Yulong Bay Park တို့တွင်လည်း အနည်းစု ရှယ်ယာရှင်အဖြစ် ပိုင်ဆိုင်ထားကြကြောင်း ၊ ယင်းစီးပွားရေးလုပ်ငန်း ၂ ခုလုံးတွင် စံမြင့်၏ သားဖြစ်သူ BGF ဗိုလ်မှူး စောထူးအယ်မှူးသည် ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စောချစ်သူ၏ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေး အသက် ၂၆ နှစ်သည် စင်ကာပူနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် ပညာသင်ကြားပြီး စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု ဘွဲ့ရရှိထားကာ BGF ၏ လုပ်ငန်း ၄ ခုတွင် ရှယ်ရှာရှင်နှင့်ဒါရိုက်တာအဖြစ် ပါဝင်နေသည်။

စောချစ်သူ၏ မိန်းမ နန်းခင်လှသူသည် မိသားစုစီးပွားရေးတွင် ပါဝင်လုပ်ကိုင်မှု ရှိသော်လည်း ရှယ်ယာရှင်နှင့်ဒါရိုက်တာရာထူးများကို ရယူခြင်းမရှိ​ပေ။ သို့ရာတွင် သူမက BGF ၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ် ဖြစ်ထွန်းနေသူလည်းဖြစ်သည်။

စောချစ်သူ (ခ) စံမြင့်မိသားစုပိုင် BGF ၏ စီးပွားရေးလုပ်ငန်းများ

=====================================

BGF ၏ စီးပွားရေးလုပ်ငန်းများတွင် စောချစ်သူမိသားစုက

၁- ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီ တွင် ရှယ်ယာ ၆၅ ရာခိုင်နှုန်း

၂- ချစ်လင်းမြိုင် သတ္တုတွင်းနှင့်စက်မှုကုန်ထုတ်လုပ်ငန်းတွင် ရှယ်ယာ ၆၈ ရာခိုင်နှုန်း

၃- ဒေါနသံလွင်ကုမ္ပဏီတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်း

၄-ထူးသစ္စာအောင်ကုမ္ပဏီတွင် ရှယ်ယာ ၈၀ ရာခိုင်နှုန်း

၅- ထူးမေတ္တာထူးကုမ္ပဏီတွင် ရှယ်ယာ ၇၀ ရာခိုင်နှုန်း

၆-ရွှေပဒေသာမြိုင်ကုမ္ပဏီတွင် ရှယ်ယာ ၅၀ ရာခိုင်နှုန်း တို့ပါဝင်ထားသည်။

တရားမဝင်လုပ်ငန်းများမှ ရရှိသော ငွေကြေးများဖြင့် စောချစ်သူ မိသားစုသည် ဇိမ်ခံပစ္စည်းမျိုးစုံဖြင့် ချမ်းသာကြွယ်၀စွာ နေထိုင်ကြသည်။

BGF တပ်၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများ၊ စံမြင့်(စောချစ်သူ) နှင့် သူ့မိသားစု အပါအဝင် အဓိက လူပုဂ္ဂိုလ်များအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM က တောင်းဆိုသည်။

တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် BGF ခေါင်းဆောင် ၂ ဦး

===========================================

BGF က လုပ်ဆောင်နေသည့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ခေါင်းဆောင် ၂ ဦးမှာ ဗိုလ် မှူး ကြီးစောမင်းမင်းဦး နှင့် ဗိုလ်မှူး စောတင်ဝင်းတို့ဖြစ်ကြသည်။ ဗိုလ်မှူးကြီး စောမင်းမင်းဦးသည် BGF စီးပွား ရေးလုပ်ငန်းများတွင် အဓိက ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေသည်။

စောမင်းမင်းဦးသည် BGF လုပ်ငန်း ၇ ခု ထက်မနည်းတွင် ဒါရိုက်တာအဖြစ်သော်လည်းကောင်း၊ ရှယ်ယာရှင် အဖြစ်သော် လည်းကောင်း ပါဝင်နေပြီး ချစ်သူလင်းမြိုင်ကုမ္ပဏီအစုအဖွဲ့၏ အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ် သည်။

ရထိုက်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်နေသော မြန်မာရထိုက်ကုမ္ပဏီအုပ်စုတွင် စောမင်းမင်းဦးက BGF ၏ ကိုယ် စားလှယ်အဖြစ် ပါဝင်ပြီး ကုမ္ပဏီ၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ၎င်း၏ အမည်ဖြင့် ပိုင်ဆိုင်ထား သည်။

နောက်ထပ်တစ်ဦးမှာ ဗိုလ်မှူးစောတင်ဝင်းဖြစ်ပြီး ၎င်း၏ ဇနီး နန်းမြင့်မြင့်ဝင်းသည် BGF လုပ်ငန်းခွဲဖြစ်သော ရွှေမြစ်သောင်ရင်း ကုမ္ပဏီနှင့် ရွှေမြစ်သောင်ရင်းစက်မှုကုန်ထုတ်လုပ်ငန်းကို ထိန်းချုပ်ထားသည်။ ရွှေမြစ်သောင်ရင်း ကုမ္ပဏီက ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူကာ မြ၀တီမြို့နယ်ရှိ ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်ရာ မြို့သစ်စီမံကိန်းများနှင့် အွန်လိုင်းကာစီနိုရုံများသို့ ဖြန့်ဖြူးပေးသည်။

၂၀၁၉ ခုနှစ်တွင် စောမင်းမင်းဦးနှင့် စောတင်ဝင်းတို့သည် မြန်မာစက်မှုကုန် ကြမ်း ထုတ်လုပ်သူများအသင်းကို ထူထောင်ထားကြပြီး စောမင်းမင်းဦးက ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကာ စောတင်ဝင်းကအမှုဆောင်အဖွဲ့ဝင် အဖြစ် ပါဝင်သည်။

ရထိုက်မြို့သစ်စီမံကိန်း

=============

ရထိုက်မြို့သစ်စီမံကိန်းသည် နာမည်ကျော် ရွှေက္ကိုလ်တွင် တည်ရှိပြီး BGF နှင့် Yatai International Holding Group တို့ အကြား ဖက်စက်လုပ်ငန်းတစ်ခုဖြစ်သည်။ အဆိုပါ လုပ်ငန်းက တရားမဝင် ကာစီနိုရုံများ၊ အွန်လိုင်း ဆိုက်ဘာ ငွေလိမ်လည်သည့် ကျားဖြန့် လုပ်ငန်း၊ တရားမဝင် အွန်လိုင်းလောင်းစားလုပ်ငန်းများကို အကြီးအကျယယ် ဖော်ဆောင်နေသည့် ဒုစရိုက် မြို့သစ် စီမံကိန်းလည်းဖြစ်သည်။

ရထိုက် Yatai ကုမ္ပဏီဥက္ကဋ္ဌ She Zhijiang သည် နိုင်ငံတကာဖမ်း၀ရမ်းဖြင့် ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း အဖမ်းခံခဲ့ရပြီး တရားမဝင် လောင်းကစား လုပ်ငန်းများ လုပ်ဆောင်မှု စွဲချက်များအတွက် ထွက်ဆိုရန် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရေး စောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရသည်။ရထိုက်အုပ်စု (Yatai Group) ၏ မြန်မာ ဖက်စက်လုပ်ငန်းတွင် မလေးရှားနိုင်ငံသား ၂ ဦးက အဖွဲ့ဝင် အဖြစ် ပါဝင်ကြသည်။

ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)

=========================

ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park) သည် အွန်လိုင်း ဆိုက်ဘာငွေလိမ်လုပ်ငန်း ကျားဖြန့် လုပ်ဆောင်သည့် ခြံဝင်းကြီးဖြစ်ပြီး ယခင် 14 K လူဆိုးဂိုဏ်းခေါင်းဆောင် Wan Kuok-koi (သွားကျိုးဟုလည်း လူသိများသူ) က မလေးရှားလုပ်ဖော် ကိုင်ဖက်များနှင့်အတူ တည်ထောင်လုပ်ကိုင်နေခြင်းဖြစ်သည်။ အဆိုပါ မလေးရှား လုပ်ဖော် ကိုင်ဖက်များတွင် မလေးရှားဝန်ကြီးချုပ်ရုံး၏ ယခင် ဒုဝန်ကြီးဖြစ်ခဲ့သူ Dato Dr Mashitah Ibrahim နှင့် ခင်ပွန်း သံတမန်ဟောင်း Datuk Abdul Shakor Bin Abu Bakar တို့ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ မလေးရှားနိုင်ငံသား ဇနီးမောင်နှံသည် စီမံကိန်း စတင်ရန် Wan Kuok-koi ၊ အခြားထင်ရှားသော မလေးရှားနိုင်ငံသားများနှင့်အတူ ၂၀၂၀ ခုနှစ်တွင် ကရင်ပြည်နယ်သို့ သွားရောက်ခဲ့ကြသည်။ Datuk Abdul Shakor Bin Abu Bakarသည် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ထားသော ဒေါင်မေအုပ်စု (Dongmei Group) ၏ ကုမ္ပဏီခွဲဖြစ်သော ဟောင်ကောင်ကုမ္ပဏီတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ဆက်လက် တာဝန်ယူလျက်ရှိကြောင်း သိရှိရသည်။

Yulong Bay Park နှင့် Apollo Park

======================

Yulong Bay Park နှင့် Apollo Parkတွင် BGF က တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park)တို့က အဆိုပါ လုပ်ငန်းနှစ်ခုကို ဦးစီးလုပ်ကိုင်ကြသည်။ Yulong Bay Park နှင့် Apollo Park သည် သောင်ရင်းမြစ်ကမ်းဘေး ရွှေက္ကိုလ်နှင့်မြ၀တီမြို့အကြား တည်ရှိကာ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ် သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ဆောက်လုပ်ရေလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေဆဲဖြစ်သည်။

Yulong Bay Park ကို ရွှေပိတောက်မြိုင်ဟု မြန်မာလို ခေါ်ဆိုကြပြီး ယင်းလုပ်ငန်းကို ဦးစီးလုပ်ကိုင်သော Yulong Bay Resort Tourism Development Company Limited (Yulong Bay Park)တွင် စောချစ်သူ ၏သား စောထူးအဲမူး၊ စောစိုးလှိုင်ဦး၊ စောမင်းမင်းဦးနှင့် စင်ကာပူနိုင်ငံသား Aw Ziyang တို့က ရှယ်ယာများ ပိုင်ဆိုင်ကြသည်။

Apollo Park ကို ပိုင်ဆိုင်သော Myanmar Apollo International Investment Company Limited (Apollo Park)တွင် ရှယ်ယာရှင်များအဖြစ် စောထူးအဲမူး၊ စောစိုးလှိုင်ဦး၊ တရုတ်နိုင်ငံသား Li Chunhuan ၊ ထင်အောင်နှင့် ဝင်းနိုင်တို့က ပါဝင်ကြသည်။

Jinxin Park

=========

Jinxin Park သည် မြ၀တီမြို့ အပြင် သောင်ရင်းမြစ်ကမ်းဘေး ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ၂ အနီးတွင် တည်ရှိသည်။ Jinxin Park တွင် အလုပ် သမား များကို ထွက်ပြေးလျှင် ခြေထောက်ရိုက်ချိုးခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြောင်း သိရှိရသည်။

စောချစ်သူနှင့် BGF အရာရှိများသည် Jinxin Park ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို သွားရောက် စစ်ဆေးကြသော JFM က ဓာတ်ပုံ၊ ဗီဒီယိုများ ရရှိထား သည်။ စောချစ်သူ (ခ) စံမြင်သည် Jinxin Park ၏ ပိုင်ရှင်ဖြစ်သူ Xiong Shija အတူ ရှိနေသည်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။

KK Park

=======

နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park သည်လည်း BGF နှင့်ပတ်သက်နေပြီး ကျားဖြန့်လုပ်ငန်းများ အဓိက လုပ်ရာနေရာလည်းဖြစ်သည်။ ယင်း KK Parkအတွက် BGF က လုံခြုံရေး ယူထားပေးပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်း ထန်ထန် ကျူးလွန်သော ကာစီနိုမြို့တစ်ခုလည်းဖြစ်သည်။

မြ၀တီမြို့သစ်

========

BGF အနေဖြင့် စီးပွားရေး ရည်ရွယ်ချက်ကြီးမားစွာရှိနေပြီး မြ၀တီမြို့သစ် စီမံကိန်းတွင် ချစ်လင်းမြိုင်ကုမ္ပဏီက ပါဝင်ပတ် သက်နေသည်။ ယင်းမြို့သစ်စီမံကိန်းတွင် Steel Stone ကုမ္ပဏီအုပ်စုကလည်း ပါဝင်နေပြီး ယင်းကုမ္ပဏီမှာ ယခင် စစ်အစိုးရ လက်ထက်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်း ဆောက်လုပ်ရေး လုပ်ခွင့်ရရှိသော ကုမ္ပဏီလည်းဖြစ်သည်။

မြ၀တီမြို့သစ်စီမံကိန်းသည် ဧက ၅၄၄ ဧကရှိပြီး တိုက်ခန်းများ၊ စျေးဝယ်စင်တာ၊ အပန်းဖြေဥယျာဉ်၊ ဟိုတယ်များ ပါဝင်သည်။ ယင်းစီမံကိန်းသည် BGF ၏ ဒုစရိုက်မြို့တော်သစ် ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မြေရှင်းလင်းမှုများ စတင်ခဲ့သည်။ မြ၀တီမြို့သစ်စီမံကိန်းမှ မြေကွက်များကို iMyanmarHouse ကုမ္ပဏီက အကျိုးတူ ၂၀၂၀ ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီး ရန်ကုန်တွင် မြေကွက် အရောင်းဖွင့်ပွဲကို ပြုလုပ်ခဲ့ကာ စောချစ်သူနှင့်သား စောထူးအဲမူးတို့ တက် ရောက်ခဲ့ကြသည်။

ပြည်တွင်းပြည်ပ ပါဝင်ပတ်သက်မှုများ

======================

ကရင်ပြည်နယ်ရှိ နိုင်ငံတကာရာဇဝတ်မှုမြောက်သော တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ထိုင်းကုမ္ပဏီများ၊ ထိုင်းနိုင်ငံသား လူပုဂ္ဂိုလ်များက BGF နှင့်အတူ စီးပွားရေးများ ပတ်သက်ဆက်နွယ်မှု အသစ်များရှိနေကြောင်း JFM က စုံစမ်းဖော်ထုတ်ထားသည်။

ထိုင်းနိုင်ငံပိုင် EXIM Bank ၊ Bangkok Bank ၊ Kasikorn Bank နှင့် Krungthai Bank များ၏ ကိုယ်စားလှယ်များက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများကို ဆွေးနွေးရန်အတွက် BGF တပ်များ၏ နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ရွှေက္ကိုလ်မြို့သို့ သွားရောက်ခဲ့ကြသည်။

နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့အရေးယူသင့်သည့် BGF ၏ ကုမ္ပဏီများအနေဖြင့်

၁- Chit Linn Myaing Energy Company Limited

၂- Chit Linn Myaing Mining & Industry Company Limited

၃- Chit Linn Myaing Toyota Company Limited

၄- Dawna Thanlwin Company Limited

၅- Hpa-An Yadanar Company Limited

၆- Htoo Myittar Htoo Company Limited

၇- Htoo Thitsar Aung Company Limited

၈- Myanmar Apolo International Investment Company Limited

၉- Myanmar Yatai International Holding Group Co., Ltd.

၁၀- Shwe Badaythar Myaing Company Limited

၁၁- Shwe Myint Thaung Yinn Holdings Limited

၁၂- Shwe Myint Thaung Yinn Industry & Manufacturing Co., Ltd.

၁၃- Yulong Bay Resort Tourism Development Company Limited

၁၄- Zwe Ka Pin Land & Cable Car Development Company Limited

တို့ဖြစ်ကြောင်း JFM က ထောက်ပြခဲ့သည်။

BGF က ၁ နှစ် ဒေါ်လာ သန်း ၇၀၀ ရနေ

=======================

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိနေကြောင်း US Institute for International Peace (USIP)က ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင် ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ထုတ်ပြန်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article