ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းနေခြင်းကြောင့် စီးပွားရေးဆုတ်ယုတ်လာပြီး အလုပ် လက် မဲ့ နှုန်းမြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ၆၃ ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက် ရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု ၄ ပုံ ၃ ပုံမှာ ဝင်ငွေ သိသိသာသာနည်းပါးလာခြင်းတို့အား ရင်ဆိုင်နေရကြောင်း၊ စစ်တပ်က အတင်းအကျပ် တပ်သား စုဆောင်းနေခြင်းကလည်း စီးပွားရေး ဆုတ်ယုတ် လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်လူရွယ်များအား လုံခြုံမှု ကင်းမဲ့စေကာ ၎င်းတို့၏ အနာဂတ်များအား မရေရာမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင်စစ်တပ်က မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်စက် ကြမ်း ကြုတ်မှုများနှင့် လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အရှိန်မြှင့်တင်လုပ်ဆောင် ခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် တိုက်ခိုက်ရာတွင်လည်း အရပ်သားပြည်သူများနှင့် ဆေးဘက် ဆိုင်ရာ အဆောက်အဦများနှင့် စာသင်ကျောင်းတို့အပါအဝင် အခြေခံ အရပ်သား အဆောက်အအုံ များအား ပစ်မှတ်ထားခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို နေရာပေါင်းစုံတွင် ရင်ဆိုင်နေရပြီး လူမှုစီးပွားကဏ္ဍသည်လည်း မကြုံဖူးသည့် အခြေအနေသို့ ကျဆင်းလျက်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။
ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း ၂၀ ခန့် ရှိပြီး ၃ ဒသမ ၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရကြောင်း၊ ဆင်းရဲမွဲတေမှုမှာ ၁၅ နှစ်တာအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး လူဦးရေ၏ ထက်ဝက်ခန့်မှာလည်း ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့အတူ လူဦးရေ၏ ၂၄ ရာခိုင်နှုန်းမှာလည်း အလွန်အမင်း မြင့်မား၍ စိုးရိမ်ရသော စားနပ်ရိက္ခာမလုံခြုံမှု ပြဿနာအား ရင်ဆိုင်နေရကြောင်း၊ ကလေးသူငယ်များမှာလည်း ပုံမှန် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ မရှိခြင်းကြောင့် ကူးစက်ရောဂါပြန့်ပွားမှု မြင့်တက်လာမည့် အန္တရာယ်ကို တွေ့ကြုံနေရကြောင်း သံအမတ်ကြီးက ပြောသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာအရေးကိစ္စအား ပိုမို အလေးထား အာရုံစိုက် ဖြေရှင်းသင့်ကြောင်း၊မြန်မာအရေးကိစ္စတွင် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်ကသာ အဓိကဇစ်မြစ်ပြဿနာဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေးအတွက် အတားအဆီးဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊ သို့ဖြစ်ရာ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်းက အလွန်အရေးကြီးကြောင်း၊ မြန်မာပြည်သူများအနေဖြင့် စစ်တပ်နှင့် စစ်အာဏာရှင် စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေသည့် ယင်း ပြဿနာဇစ်မြစ်အား အမြစ်ပြတ်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ခိုင်မာစွာရှိကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။
သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းစေရေးအတွက် မိမိတို့လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုး ကူညီပေးကြပါရန်၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည် ထောင်မှုအတွက် အားဖြည့်ကူညီပေးကြပါရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/479773959_989047946656145_7828398214027435440_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/479179710_989047996656140_7360717879969123199_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/478496190_989048043322802_1454855700535343141_n.jpg)