ရန်ကုန်| ဖေဖော်ဝါရီ ၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ရှိ ကျားဖြန့်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ထိုင်းအစိုးရထံ လွှဲပြောင်းလိုက်ကြောင်း DKBA သတင်းရင်းမြစ်၏ သတင်းဖော်ပြချက်နှင့် ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
မြ၀တီမြို့နယ်၊ ကျောက်ခက်ရှိ ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ယနေ့ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လွှဲပြောင်းလိုက်ကြောင်း ၊ DKBA ထိန်းချုပ်နယ်မြေများတွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကယ်တင်နိုင်ခဲ့ပြီး လက်ရှိတွင် လွှဲပြောင်းလိုက်ခြင်း ၊၎င်းတို့ကိုအားလုံးကို ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုင်းစစ်တပ်က စစ်ကား ၁၈ စီးဖြင့် စောင့်ဆိုင်းနေပြီး ၎င်းတို့ အားလုံးကို သယ်ဆောင်သွားကြောင်း သိရှိရသည်။
“ခင်ဗျားတို့ သတင်းဌာနမှာပါတဲ့ ပါကစ္စတန်နိုင်ငံသား တွေလည်း ပါသွားပါတယ်” ဟု DKBA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လူကုန်ကူးခံရသည့် နိုင်ငံခြားသားများတွင် ဖိလစ်ပိုင် ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ ဦး၊ ဘရာဇီး ၂ ဦး၊ နီပေါ ၁ ဦး၊ ကင်ညာ ၃၃ ဦး၊ လာအို ၁၉ ဦး၊ အီသီယိုးပီးယား ၄၆ ဦး၊ ပါကစ္စတန် ၃၁ တန်ဇန်းနီးယား ၁ သီရိလင်္ကာ ၁ ဦး၊ ယူဂန်ဒါ ၂ ဦး၊ ထိုင်ဝမ် ၄ ဦးတို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွှေကုက္ကိုလ်မြို့ကို အဓိက ချုပ်ကိုင်ထားသည့် ကရင်နယ်ခြားစောင့်တပ်(BGF) က လည်း ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ ၇၀ ဦးခန့်ကို ထိုင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ သို့သော်လည်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အချို့ကို ကျားဖြန့်ငွေလိမ်ဂိုဏ်းနှင့် ချိတ်ဆက်မှုရှိသောကြောင့် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က လူကုန်ကူးမှုသံသယဖြင့် ဖမ်းဝရမ်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ – The Reporters ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



