နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် ကလေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နွားထိုးကြီးမြို့နယ် အတွင်းရှိ ပဲချက်ရွာ နှင့် နပဲမြစ်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
” စစ်ခွေးတွေ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာတော့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေအနေနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှု ရှိမရှိကို ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှီ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးအမြောက်အများ ကျဲချ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များ ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။
“လေယာဉ်ကတော့ မျိုးစုံနဲ့ကို ကျဲနေတယ်။ ပြည်သူတွေလည်း ထပ်ပြီး တိမ်းရှောင်နေရတယ်။ ဆက်တိုက်ကိုကျဲချနေတာ လေယာဉ်တွေလည်း ပျံဝဲနေတုန်းပဲ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ ကျနော်တို့လည်း တိမ်းရှောင်နေရတုန်းပဲ ရွာတွေကိုကျဲတာ ဘယ်ရွာတွေဆိုတာကတော့ မနက်လောက်မှ အတည်ပြုနိုင်မယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလပိုင်ကလည်း ကလေးမြို့နယ်ရှိ ကုက္ကိုလ်ရွာ စာသင်ကျောင်းရှိ ယောဒေသ စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ် အရွယ် မောင်ဖြိုးမောင်မောင် ၊ အသက် ၈ နှစ် အရွယ် မဖြူဖြူပွင့် ၊ အသက် ၃၆ နှစ်အရွယ် မသန်းစု၊ အသက် ၁၂ နှစ် အရွယ် မမဲတူစိန် ၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ ၊ အသက် ၄၀ နှစ် အရွယ် မအေးတင် ၊ အသက် ၁၇ နှစ်အရွယ် မအိဇင်မိုး ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနှင့် အမည်မသိ ပြည်သူ ၃ ဦးတို့ သေဆုံးခဲ့သည်။
![](https://yktnews.com/wp-content/uploads/2025/02/476640502_989178126643127_1319865626088686992_n.jpg)