ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိမ် ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဒေါပုံမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူး ၊ ဆယ်အိမ်မှူး အမျိုး သမီးနှင့် အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင် စာရင်း မိတ္တူများ လိုက်လံတောင်းခံကြောင်း၊ ယင်းသို့ တောင်းခံနေစဉ် အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုးသမီးမှာ နေရာအနှံ့အပြား မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်မှုထမ်း စာရင်း အတွက် သန်းခေါင်စာရင်း မိတ္တူ လာယူတာ။ အိမ်အ၀ကို ဝင်လာတဲ့အချိန်မှာ ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့တာ။ မီးရှို့တဲ့ အိမ်ရှင်ကတော့ လွတ်သွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သာကေတနှင့် ဒေါပုံမြို့နယ်များတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ သန်း ခေါင်စာရင်းမိတ္တူများ တောင်းခံခြင်း၊ လူစာရင်းများ စိစစ်ခြင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားစာရင်းနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများစာရင်း တောင်းခံခြင်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/479191572_989554423272164_6225076418341501660_n.jpg)