26 C
Yangon

အောင်လံမြို့နှင့် သာယာဝတီခရိုင်တွင် စစ်တပ်က လူငယ် ၃၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး၊ ထွက်ပြေးသည့် လူငယ်များ ကို စစ်တပ်က ရိုက်နှက်ညှဉ်းပန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ အောင်လံမြို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ ကျော်ကို အိမ်စီးကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အောင်လံမြို့ရှိ လူသွားလူလာ ပြတ်သော နေရာများနှင့် မြို့အနီးရှိ ကျေးရွာဘက်မှ လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်ဖြင့် စောင့်ဆိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် အိမ်စီးကား ၂ စီးဖြင့် လှည့်ပတ်၍ လူငယ်များကို ကားပေါ် ဆွဲတင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တစ်ရက်တာ အတွင်း လူငယ် ၂၀ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်များတွင်လည်း ပေါ်တာဆွဲတာ ဖမ်းဆီးမှုများ နေ့စဉ် လုပ်ဆောင်နေကြောင်း၊ အောင်လံမြို့ မြောက်ဘက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ်သည် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှု အများဆုံးနေရာဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တစ်ရပ်တည်းကို အောင်လံမြို့နဲ့ အနီး ရွာဘက်တွေမှာ လူငယ် ၂၀ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ အိမ်စီးကား ၂ စီးနဲ့ ပတ်ဆွဲတာပါ။ အရပ်ဝတ်တွေနဲ့ပါ လူငယ်တွေ့တာနဲ့ ကားပေါ်ဆွဲခေါ်သွားပါတယ်။ နောက်ပြီး လူပြတ်တဲ့နေရာ တွေမှာ အရပ်သား ပုံစံနဲ့ စောင့်ပြီး ဖမ်းဆီးနေတာတွေရှိတယ်။ လူငယ်တွေ အိမ်ထဲက အိမ်ပြင်ကို ထွက်လို့ မရပါဘူး။ အောင်လံမြို့ မြောက်ဘက် အဝင် စစ်ဆေးရေး ဂိတ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ အတော်ကို ဆိုးပါတယ်။ လူငယ်တွေ နေစရာ နေရာ မရှိအောင်ဘဲ နံနက်ကော ညပါ ပေါ်တာဆွဲနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၁ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ကြို့ကုန်းကျေးရွာမှ ကိုအေး ဆိုသူကိုလည်း စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာ ဝိုင်းဝန်းရိုက်နှက်၍ ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သာယာဝတီမြို့နယ်၊ ကြို့ကုန်းကျေးရွာမှ အသက် ၅၀ အရွယ် ကိုအေးကို အကြမ်းဖက် စစ်သားများက နေအိမ်အတွင်း ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် ရွာထိပ်အရောက်တွင် ထွက်ပြေးသည်ဟုဆိုကာ အကြမ်းဖက် စစ်သားများ ဝိုင်ဝန်း ရိုက်နှက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်က သာယာဝတီမြို့နယ်၊ ကြို့ကုန်းကျေးရွာမှာ အသက် ၅၀ အရွယ် အရက်သမား ကိုအေးကို စစ်ခွေးတွေက နေအိမ်မှာ လာရောက် ပေါ်တာဆွဲဖမ်းဆီးတာ ရွာထိပ်မှာ ထွက်ပြေးလို့ဆိုပြီး စစ်ခွေးတွေ ဝိုင်းရိုက်သွားတယ်။ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ပံတန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ခမုံဆိပ်အုပ်စု၊ လှည်းလမ်းဆိပ်ရွာမှ လူငယ် ၂ ဦးနှင့် သာရဝေါအုပ်စု၊ ကျုံလဟာရွာမှ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး ၃ ဦးကို ငွေကျပ် ၁၁၀ ဆီဖြင့် တောင်းခံကာ ပြန်လွှတ်ပေးခဲ့သော်လည်း ၁ ဦးမှာ ငွေကျပ် သိန်း ၉၀ သာပေးခြင်းကြောင့် ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အေးမြသာယာမြို့အပိုင် ပြည်တော်သာကျေးရွာအနီးရှိ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ လယ်ထဲ၌ ပဲနှုတ်နေသည့် လူငယ် ၄ ဦးနှင့် လမ်းသွားလမ်းလာ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ကျောင်းကြီးတန်း လမ်းမှာ ခရီးသွား လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီခန့်တွင် ကညင်ကောက်ရွာမှ လောင်းကစားဝိုင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသော လူငယ်များထဲမှ ကညင်ကောက်ရွာ အုပ်ချုပ်ရေးမှူး၏ သမက်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်လူငယ် ၂ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသည့် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲပြီး ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်ပါသည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ၂၀၂၁ ခုနှစ်၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသည့် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် ဖြိုခွဲပြီး ဖမ်းဆီးထားစဉ် (ပုံအဟောင်းဖြစ်ပါသည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article