ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် မြန်မာစစ် တပ်မှ အရာရှိ ၂၃ ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က ယနေ့ သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Airesရှိ တရားရုံးက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည့် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် အခြားစစ်တပ်အရာရှိများကို ဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
BROUK ၏ ဥက္ကဌ ဦးထွန်းခင်က “ဒါဟာ ရိုဟင်ဂျာတွေနဲ့ မြန်မာစစ်တပ်အောက်မှာ ခံစားနေရတဲ့ မြန်မာပြည်သူတိုင်းအတွက် တရားမျှတမှုအတွက် သမိုင်းဝင် ခြေလှမ်းတစ်ခုပါ။ ဆယ်စုနှစ်များစွာ လူမျိုးတုံးသတ်ဖြတ်မှု ဒဏ်ကို ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ၊ သူတို့ရဲ့ မိသားစုနဲ့ ယဉ်ကျေးမှုတွေ ဖျက်ဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ယူဆောင်လာပေးပါတယ်။ ကမ္ဘာတဝန်းမှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေ ကြီးထွားလာချိန်မှာ နိုင်ငံတကာ တရားမျှတမှုအတွက် အောင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အာဂျင်တီးနား တရားရေးမဏ္ဍိုင်ရဲ့ သတ္တိရှိရှိ ဆုံးဖြတ်ချက်က မင်းအောင်လှိုင်နဲ့ တခြားအရာရှိတွေ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးလို့ ပြတ်ပြတ်သားသား အချက် ပြတယ်။ ရိုဟင်ဂျာ မျိုးဆက်တွေတင်မကဘဲ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ခံရသူတွေ အားလုံးအတွက်ပါ” ဟု ပြောဆိုသည်။
အဆိုပါအမှုကို ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ၏တရားဝင်ကိုယ်စား လှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး တရားရုံး၏ စုံစမ်းစစ်ဆေးမှုများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)က ပံ့ပိုးကူညီခဲ့သည်။
ဖမ်း၀ရမ်းထုတ်ခံရသူများတွင် မြန်မာစစ်တပ်အရာရှိ ၂၃ ဦး ပါဝင်ပြီး မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ ကဲ့သို့သော အဓိက တာဝန် ရှိသော စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များလည်း ပါဝင်နေသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ တရားလိုရှေ့နေ Karim Khan က တောင်းဆိုခဲ့သည်။
လက်ရှိ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် စီရင်ချက် မချရသေးသော်လည်း အာဂျင်တီးနားတရားရုံး၏ ဆုံးဖြတ်ချက်မှာ ICC တရား ရုံး၏ ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုမှုကို အားဖြည့် အစပျိုးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်း၀ရမ်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရဲတပ်ဖွဲ့ INTERPOL ထံသို့ ရောက်ရှိနိုင်ပြီး အဖွဲ့ဝင် ၁၉၆ နိုင်ငံအားလုံးတွင် ‘အနီရောင်သတိ ပေးချက်’ ထုတ်ပြန်ကာ မင်းအောင်လှိုင်နှင့် စစ်တပ်တာဝန်ရှိသူများကို အာဂျင်တီးနားတရားရုံး၏ တရားခွင်သို့လွှဲပြောင်းပေးရန် ဦးတည်သွားနိုင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/479178863_990185826542357_1745420502770687699_n.jpg)