တရုတ်၊ကူမင်းမြို့ ဆွေးနွေးပွဲ မတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်လေယာဉ်ဗုံး ၁၇၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ကူမင်းမြို့ တွင် အကြမ်းဖက် စစ်ကောင်စီနှင့် TNLA တို့အကြား ဆွေးနွေးပွဲ မတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်လေယာဉ်ဗုံး ၁၇၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောင်ချိုမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံးများကျဲချခြင်း အပါအဝင် လက်နက်ကြီးနှင့် လေယာဉ်ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို တောင်ခမ်းစခန်းရှိ ခမရ ၄၀၆၊ တပ်ရင်း ၃၅၄နှင့် တပ်ရင်း ၉၀၂တို့ မှ လက်နက်ကြီး အလုံးရေ ၁၃၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်းသို့ ဗုံး
၃၈ လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ပြုလုပ်မည်ဖြစ်ပြီး ယင်းသို့ ဆွေးနွေးပွဲမစတင်မီ ၁ ရက်အလို စစ်ကောင်စီက TNLA သိမ်းပိုက်ထားသော နေရာများကို လက်နက်ကြီး၊ လေယာဉ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး ၂၀ ခန့် လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မိုးကုတ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။
