မကွေးမြို့တွင် စစ်တပ်က စစ်မှုထမ်းကြေး မပေးသည့် ကျေးရွာများမှ လူငယ်များကို ရှာဖွေ ဖမ်းဆီး၊ ဒဂုံဆိပ်ကမ်းတွင် အုပ်ချူပ်ရေးမှူး လှရီက စစ်မှုထမ်းကြေး ပေးရန် ငြင်းဆန်သော ပြည်သူများကို ရပ်ကွက်တွင် မနေရန် မောင်းထုတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း၊ မကွေးမြို့အဝင် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းကြေး မပေးသည့် ကျေးရွာများမှ ပြည်သူများကို ရှာဖွေ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မကွေး-နတ်မောက် လမ်းပိုင်းရှိ မကွေးမြို့ အဝင် စစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများမှ မြို့ပေါ်သို့ လာရောက်သည့် ပြည်သူများကို အမည်နှင့် နေရပ် လိပ်စာများ မေးမြန်းပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးမေးမြန်းခြင်းသည် လစဉ် စစ်မှုထမ်းကြေးမပေးသည့် ကျေးရွာများမှ ပြည်သူများကို ရှာဖွေ နေခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာမှ ပြည်သူများ ဖြစ်ပါက ဂိတ်ထဲ၌ တခါတည်း ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မကွေး-နတ်မောက် လမ်းက မကွေးမြို့ အဝင်ဂိတ်မှာ စစ်ဆေးရေး လုပ်နေတဲ့ စစ်ခွေးတွေက ဂိတ်ကိုဖြတ်သန်းသွားလာတဲ့ ပြည်သူတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေ မေးပြီး စစ်ဆေးနေတာ။ သူတို့လက်ထဲမှာလည်း အမည်စာရင်း စာရွက်တွေ ကိုင်ထားပြီး အဲ့စာရင်းထဲမှာ မပါတဲ့သူကို ပြန်လွှတ်တယ်။ သူတို့ရှာဖွေဖမ်းဆီးနေတာက စစ်မှုထမ်းကြေးမပေးတဲ့ ကျေးရွာစာရင်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ပို့ထားတယ်ကြားတယ်။ စစ်မှုထမ်းကြေး မပေးဆောင်တဲ့ ကျေးရွာက လူဆိုရင် ဂိတ်က တခါတည်း ဖမ်းဆီးမှု လုပ်ဆောင်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၃ ရက်ကွက် အုပ်ချုပ်ရေးမှူး လှရီက လစဉ် စစ်မှုထမ်းကြေး မပေးသူများကို ရပ်ကွက်ထဲမှ မောင်းထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၈၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှရီနှင့် မိန်းမ မွန်မ တို့က ဖေဖော်ဝါရီလ အတွက် စစ်မှုထမ်းကြေး လိုက်လံ ကောက်ခံရာတွင် မပေးနိုင်သူ များပြားနေခြင်းကြောင့် စစ်မှုထမ်းကြေး မပေးသူများကို ရပ်ကွက်ထဲတွင် ဆက်လက် နေထိုင်ခွင့်မပေးဘဲ စစ်တပ်ခေါ်၍ မောင်းထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး လှရီနှင့် ၎င်းမယားဖြစ်သူ မွန်မတို့သည် ရပ်ကွက်အတွင်း စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၃၀၀၀၀ လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး အခြေခံလူတန်းစာများသာ အများဆုံးနေထိုင်သည့် ရပ်ကွက်ဖြစ်သောကြောင့် ပြည်သူများက လစဉ် ပေးဆောင်နိုင်ရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ လင်မယားကို စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ် ၃၀၀၀၀ လစဉ်ပေးနေရတာ အခုအချိန်က စီးပွားရေးတွေလည်း ကြပ်တည်းနေတော့ ထမင်းတောင် မနည်းရှာစားနေရတာ အဲတာကို မပေးနိုင်တဲ့ သူတွေ ရပ်ကွက်ထဲမနေနဲ့ စစ်တပ်ခေါ်ပြီး မောင်းထုတ်မယ်ဆိုပြီးလိုက် ခြိမ်းခြောက်နေပါတယ်။ ငါတို့က ဘယ်သူ့ကိုမှလည်း မကြောက်ဘူးလို့ စိန်ခေါ်ပြောဆိုနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မကွေးတိုင်းမှ စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
