ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ထန်းဘူးတောရွာမှ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး မိုင်းနင်းခိုင်း၍ အမျိုး သမီး ၂ ဦးသေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြိုင်မြို့နယ်မှ ပခုက္ကူမြို့နယ် သို့ ပြန်လည်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် ထန်းဘူးတောရွာမှ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး မိုင်းနင်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးလာသော ပြည်သူများသည် မြိုင်မြို့ အရှေ့တောင်ဘက် ဂေါက်ကွင်းအနီးတွင် မိုင်းနင်းမိပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ဓားစာခံ ဖမ်းဆီးလာတဲ့ ပြည်သူတွေကို မိုင်းနင်းခိုင်းလို့ ဂေါက်ကွင်းအနီးမှာ မိုင်းနင်းမိပြီး အမျိုးသမီး ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ အမျိုးသား ၁ ဦးလည်း ထိခိုက် ဒဏ်ရာရထားတယ်လို့ သိရတယ်။ သေဆုံးသူအမည်တွေတော့ မသိရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကို ဖမ်းဆီးကာ ဓားစာခံအဖြစ် အသုံးပြုနေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကြောင်းသတင်းများကို စောင့်ကြည့်ကြရန်နှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ အချိန်နှင့် တပြေးညီ ထုတ်ပြန်သော သတိပေးထုတ်ပြန်ချက်များကို အလေးထားလိုက်နာပေးကြရန် We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့မှ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာခြင်းဖြစ်ပြီး ယင်း စစ်ကြောင်းတွင် Jammer ကား ၂ စီး အပါအဝင် စုစုပေါင်း ကားအစီးရေ ၃၀ ကျော်ပါဝင်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
