ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် လုံခြုံရေး ညီလာခံသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေး အားပေးမည့် မဟာမိတ်၊ မိတ်ဆွေများ လိုအပ်ဟု ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင်ပြုလုပ်သည့် လုံခြုံရေး ညီလာခံသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေး အားပေးမည့် မဟာမိတ်၊ မိတ်ဆွေများ လိုအပ်သည်ဟု ပြောဆိုကြောင်း NUG ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် လုံခြုံရေးညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်း ဒီမိုကရေစီ ဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီကို အားမပေးသည့် နိုင်ငံများအကြားတွင် ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့နိုင်ငံတွေကြားမှာရှိနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးကို အားပေးမယ့် မဟာမိတ်တွေ၊ မိတ်ဆွေတွေ လိုအပ်တဲ့အတွက် ဒီနေ့ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်တာဖြစ်ကြောင်း”ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေါ်ဇင်မာအောင်နှင့်အတူ အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons၊ ဂါနာ လွှတ်တော်အမတ် Zanetor Agyeman-Rawlings၊ ပိုလန် လွှတ်တော်အမတ်Aleksandra Uz တို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


