30 C
Yangon

ကြို့ပင်ကောက်နှင့် ဓနုဖြူတွင် အုပ်ချုပ်ရေးမှူးက လူငယ်များကို လူစားထိုးစစ်မှုထမ်းတပ်သားများအဖြစ် ရောင်းစား၊ မြောင်းမြတွင် စစ်တပ်က လူငယ် ၉၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး

Must read

ကြို့ပင်ကောက်နှင့် ဓနုဖြူတွင် အုပ်ချုပ်ရေးမှူးက လူငယ်များကို လူစားထိုးစစ်မှုထမ်းတပ်သားများအဖြစ် ရောင်းစား၊ မြောင်းမြတွင် စစ်တပ်က လူငယ် ၉၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သိုက်တူးကုန်းရွာတွင် အုပ်ချုပ်ရေးမှူး တင်မောင်အေးက ကျေးရွာသား ကိုအောင်ကိုကို ကို လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် စစ်တပ်ထံသို့ ငွေကျပ် သိန်း ၄၀ ဖြင့် ရောင်းစားခဲ့ကြောင်း ရောင်းစားခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ကြို့ပင်ကောက်မြို့နယ် ၊ သိုက်တူးကုန်းကျေးရွာတွင် နေထိုင်သော ကိုအောင်ကိုကိုနှင့် တစ်ရွာထဲနေထိုင်သူ ကိုဖိုးပြည့်ဆိုသူတို့ စကားများ ရန်ဖြစ်ကြောင်း၊ ရန်ဖြစ်မှုကို ကျေးရွာအုပ်ချုပ်ရေးမှူး တင်မောင်အေးက သ က်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ စစ်တပ်ကို ခေါ်ယူကာ ကိုအောင်ကိုကို ကို ဖမ်းဆီးခိုင်းခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တင်မောင်အေးက ကိုအောင်ကိုကို၏ နေအိမ်သို့ သွား ရောက်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံကတ်ပြားကို သွားရောက်ရယူခဲ့ကြောင်း၊ ယင်းနောက် ကိုအောင်ကိုကို ကို လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် အကြမ်းဖက် စစ်တပ်ထံတွင် ငွေကျပ် သိန်း ၄၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။

“ကိုအောင်ကိုကို အိမ်ကိုသွားပြီး အုပ်ကြီးက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တောင်းတယ်။ အဲဒါကို ကိုအောင်ကိုကိုရဲ့ အမေက သူ့သားလေးကို ပြန်လွှတ်ပေးဖို့ အုပ်ကြီးက လိုက်လုပ်ပေးနေတယ် ထင်ပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပေးလိုက်တာ။ နောက်ပိုင်းသိလိုက်ရတာက စစ်မှုထမ်းခိုင်းဖို့အတွက် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း လာတောင်းတာလို့သိရတယ်။ မိသား စုဝင်တွေကလည်း ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို လိုက်သွားပြီး သတင်းလိုက်မေးတော့ ရုံးမှာရှိတဲ့ စစ်သားက ကိုအောင်ကိုကို ကို စစ်သင်တန်းကျောင်းပို့လိုက်ပြီလို့ ပြောတယ်” ဟု အခြေအနေကို သိရှိထားသော ကိုအောင်ကိုကို၏ မိတ်ဆွေက ရှင်းပြသည်။

သိုက်တူးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး တင်မောင်အေးက စစ်တပ်ထံသို့ ရောင်းစားခဲ့သော ကိုအောင်ကိုကိုမှာ မိခင် မုဆိုးမကြီး နှင့် အသက် ၈ဝ ကျော်အရွယ် အဖွားဖြစ်သူတို့ကို ဆန်စက်အလုပ်သမားအဖြစ် လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မိခင် မုဆိုးမကြီးနှင့် အသက် ၈ဝ ကျော်အဖွားအိုတို့သည် လုပ်ကိုင်ကျွေးမွေးမည့်သူမရှိ၍ ဒုက္ခရောက်နေကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းရွာတွင်လည်း အုပ်ချုပ်ရေးမှူး အုန်းခိုင်က ကျေးရွာသား ကိုမင်းမင်းကို အကြမ်းဖက် စစ်တပ်ထံသို့ လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ် သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ အတွင်း ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းရွာတွင် အုပ်ချုပ်ရေးမှူး အုန်းခိုင်က ကျေးရွာသား ကိုမင်းမင်းကို စစ်မှု ထမ်းရမည်ဟုဆိုကာ နေအိမ်တွင် သွားရောက်ခေါ်ဆောင်ပြီးနောက် ခြေမြန်တပ်ရင်း ၁၀၈ ကို ပို့ဆောင်ခဲ့ကာ လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ် သိန်း ၆၀ ဖြင့် လူစားထိုး ရောင်းစားခဲ့ကြောင်း သိရသည်။

“ကိုမင်းမင်းကို သူ့ရွာ အုပ်ချုပ်ရေးမှူးက ဒလမျိုးကျေးရွာအတွက် လူစားထိုး စစ်မှုထမ်းအဖြစ် ရောင်းစားသွားတာ။ ဒလမျိုးကျေးရွာက ရေတွင်းကုန်းရွာရဲ့ ဘေးရွာပါ။ အုပ်ချုပ်ရေးမှူး အုန်းခိုင်က လူစားထိုး စစ်မှုထမ်းခိုင်းတာ” ဟု ကိုမင်းမင်း၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး အုန်းခိုင်နှင့် စာရေးမ ဒေါ်ခင်ဆွေမွန်တို့သည် အုန်းပင်ကွင်း ကျေးရွာအုပ်စုရှိ ပြည်သူများကို ညအချိန် ကင်းစောင့်ခိုင်းခြင်း၊ လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီးခြင်းနှင့် စစ်မှုမထမ်းလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၉၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က မြောင်းမြမြို့ပေါ်နှင့် ကျေးရွာများမှ လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကြောင့် လူငယ် ၉၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရကာ လက်ရှိချိန်တွင် တခြားမြို့ရွာများကို ပြောင်းရွေ့နေထိုင်သူများ ညအချိန် နေအိမ်မှ ရှောင်တိမ်း အိပ်စက်သူများ ပိုမိုများပြားလာကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဧည့်စားရင်း အကြောင်းပြ၍ ခြံစည်းရိုးများကိုပါ ရိုက်ချိုး၍ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြောင်းမြဘက်မှာ အခြေအနေတော်တော်ဆိုးနေပါတယ်။ ညဘက်တွေကို အမျိုးသားတွေကို ပေါ်တာလိုက်ဆွဲနေတာ အမျိုးသားအများစု ညဘက်ဆိုရင် ပုန်းခို တိမ်းရှောင်ရပါတယ်။ အိမ်ပေါ်ထိကို လိုက်ဆွဲနေပါတယ်။ အိမ်ရှင်တွေကိုတောင်ခွင့်မတောင်းဘဲ ခြံစည်းရိုးတွေကို ဖျက်ဝင်ပြီး ပါလာသောလက်နက်တွေနဲ့ ခြိမ်းခြောက် ဖမ်းဆီးတာတွေ ရိုက်နှက် ခေါ်ဆောင်တာတွေ လုပ်နေတယ်။ အဲဒါကြောင့် မှတ်ပုံတင်ရှိသူတွေ တခြားမြို့များကို တိမ်းရှောင်ကုန်ပြီး မရှိတဲ့သူတွေကတော့ ညဘက်မှာ အခြေအနေကြည့်ပြီး တိမ်းရှောင်နေရတယ်။ ဇန်နဝါရီလက လူငယ် ၅၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ ဖေဖော်ဝါရီလ အတွင်း လူငယ် ၃၀ နီးပါးရှိပြီး ပေါ်တာဆွဲခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော လူငယ်တချို့ ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article