36 C
Yangon

မန္တလေးဂိုဏ်းချုပ်သာသနာမှ ခရစ်ယန်ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု တရားခံ ၁၀ ဦးကို ဖမ်းထားပြီး စစ်ခုံရုံးတင် အရေးယူမည်ဟု NUG ကြေညာ

Must read

မန္တလေးဂိုဏ်းချုပ်သာသနာမှ ခရစ်ယန်ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု တရားခံ ၁၀ ဦးကို ဖမ်းထားပြီး စစ်ခုံရုံးတင် အရေးယူမည်ဟု NUG ကြေညာ

🟥 ခရစ်ယာန် ဘုန်းတော်ကြီးနှင့် ရွာခံလက်နက်ကိုင်အဖွဲ့ဝင်တချို့အကြား မကြာခဏ ပြဿနာများဖြစ်ပွားခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကံကြီးတောကျေးရွာတွင် မန္တလေးဂိုဏ်းချုပ်သာသ နာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှုအတွက် တရားခံ ၁၀ ဦးကို ဖမ်းဆီးထားပြီး စစ်ခုံရုံးတင် စစ်ဆေးအရေးယူမည်ဖြစ် ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUGက ထုတ်ပြန် ကြေညာ သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင် ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းတွင် မန္တလေးဂိုဏ်းချုပ်သာ သနာမှ သက်တော် ၄၄ နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်( Fr. Donald Martin) သတ် ဖြတ်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး အဆိုပါသတ်ဖြတ်မှုကို ကျူး လွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်း လုပ် ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘို ခရိုင်တပ်ရင်း ၅ နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)က သံသယ တရားခံ ၁၀ ဦးကို နေ့တွင်းချင်းဖမ်းဆီးခဲ့ကြောင်း၊ လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံများသည် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘာ သာရေးခေါင်းဆောင်များအပါ အဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချကြောင်း ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ကြေ ညာသည်။

ဘုန်းတော်ကြီး အသတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှု ဖော်ဆောင်ရန်နှင့် ထိထိရောက်ရောက် အရေးယူပေးရန် မန္တလေးမှ ကက်သလစ်ခရစ်ယာန်အသိုင်းအ၀ိုင်းက တောင်းဆိုထားသည်။

ရန်ကုန်ခေတ်သစ်၏ ကနဦး စုံစမ်းချက်များအရ ဘုန်းတော်ကြီးနှင့် သတ်ဖြတ်မှု ကျူးလွန်သော ဒေသလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့အကြားတွင် လျှပ်စစ်မီးရန်ပုံငွေ အသုံးပြုမှုကိစ္စ၊ စာသင်ကျောင်းဖွင့်လှစ်ခြင်းနှင့် ဆရာ၊ ဆရာမများ ငှားရမ်းမှုကိစ္စ၊ စာသင်ကြားမှုကိစ္စ၊ အသံချဲ့စက်အသုံးပြုမှု ကိစ္စ များနှင့်ပတ် သက်၍ အဆင်မပြေမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ပြဿနာက တဖြည်းဖြည်းစုလာတာလို့ ပြောလို့ရတယ်။ တောက်လျှောက် အဆင်မပြေမှုတွေ ဖြစ်ပြီးတော့မှ ဒီလိုမျိုး ဖြေရှင်းတာကတော့ ကျူးလွန်သူတွေမှာ အပြစ်ရှိတာကတော့ ငြင်းမရဘူး။ နောက်ပြီး ဒါက ဘာသာရေးခေါင်း ဆောင်တစ်ဦးလည်း ဖြစ်တယ်။ ဒီလိုမျိုး ကျူးလွန်တာတော့ ရွာခံတွေလည်း လက်မခံကြပါဘူး။ သူတို့ အပြစ်အတွက် သူတို့ ပေးဆပ်ရမှာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အသတ်ခံရသော ဘုန်းတော်ကြီးကို ယမန်နေ့တွင် ကောင်းမွန်စွာ သဂြိုလ်ပြီးစီးခဲ့ပြီဖြစ်ပြီး လက်ရှိ ကျူးလွန်သူများကို လုံခြုံ ရေး တင်းကျပ်စွာဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article