35 C
Yangon

စစ်ကောင်စီ အတွက် ဝင်ငွေရလမ်း ဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနှင့် တရုတ် ပူးပေါင်းမှုကို NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့် ရှိနေဟုဆို

Must read

စစ်ကောင်စီ အတွက် ဝင်ငွေရလမ်း ဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနှင့် တရုတ် ပူးပေါင်းမှုကို NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့် ရှိနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အကြမ်းဖက် စစ်ကောင်စီအတွက် ဝင်ငွေရရှိစေသည့် လမ်းကြောင်းဖြစ်သော ကျားဖြန့် လုပ်ငန်းများ တိုက်ဖျက်ရေး ထိုင်းနိုင်ငံနှင့်တရုတ်ပူးပေါင်းမှုကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြိုဆိုလိုက်ပြီး ပူးပေါင်းရန် အသင့်ရှိနေဟုကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။

ယနေ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်များ၏ အပေါင်းအပါ လက်နက်ကိုင်ထိန်းချုပ်နယ်မြေများတွင် အမေရိကန်ဒေါ်လာ သန်းချီသော ကျားဖြန့် အွန်လိုင်း လိမ်လည်မှုများနှင့် ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြကြောင်း၊ ရန်ကုန်မြို့တွင်ပါ အဆိုပါ လုပ်ငန်းများ ဖြစ်ထွန်းနေပြီး ကျားဖြန့်လုပ်ငန်းကြောင့် လူဦးရေ သိန်းချီ ဒုက္ခပင်လယ်ဝေကြရကြောင်း၊ ကျားဖြန့် လုပ်ငန်းသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအ တွက် ဝင်ငွေရရှိနေသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားများအပြင် အိမ်နီးချင်းနိုင်ငံ ၊ ဒေသတွင်းနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများမှ နိုင်ငံသားများပါ ထိခိုက်နစ်နာကြကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်မှုကို ကြိုဆိုပြီး NUG အနေဖြင့် ပူးပေါင်းရန် အသင့်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခုဆိုရင် မြန်မာနိုင်ငံ တောင်ပိုင်းမှာ ဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတာတွေ တွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံပူးတွဲပြီးတော့ မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကိုင်တွယ်ဖို့ ကြိုးစားနေတာကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေရဲ့ ပူးတွဲကြေညာချက်မှာ ပါသလိုပါပဲ ကျွန်တော်တို့အနေနဲ့ ဒီ ကျားဖြန့်လုပ်ငန်းတွေကို ပူးတွဲတိုက်ဖျက်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ထပ်လောင်းပြောကြားချင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါး ကုန်ကူးမှုများ၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယင်းတို့ကို အမြစ်ဖြတ်ရန် ရေသောက်မြစ်ဖြစ်သော အကြမ်းဖက်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အိမ်နီးချင်း ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာက ယင်းအချက်ကို မြင်တွေ့ပြီး ပူးတွဲတိုက်ဖျက်ရန် လိုအပ်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article