ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်းဂိုဏ်းများမှ လူကုန်ကူးခံ တရုတ်နိုင်ငံသား ၂၀၀ ကို ယနေ့ မဲဆောက်လေဆိပ်မှတစ်ဆင့် လေယာဉ်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီအချိန် ထိုင်း-မြန်မာနယ်စပ် အမှတ်၂ ချစ်ကြည်ရေးတံတားသို့ တရုတ်နိုင်ငံသား ၂၀၀ ခန့် ရောက်ရှိလာပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်များက စိစစ်ကာ မဲဆောက်လေဆိပ်သို့ ပို့ဆောင်လျက်ရှိကြောင်း၊ ယင်းနောက် အဆိုပါ တရုတ်နိုင်ငံသားများသည် မဲဆောက်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံက စီစဉ်ထားသော လေယာဉ်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်၊မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်နေသော လူကုန်ကူးခံရသူများ ကယ်တင်ရေးနှင့် အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းများ တိုက်ဖျက်ရေးအစီအစဉ်အရ ထိုသို့ လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို စတင်ကယ်ထုတ်ပြီး ပြန်လည် ပို့ဆောင်နေခြင်းဖြစ်ပြီး ယင်းအခြေအနေများကို တရုတ်နိုင်ငံမှ လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက် ကြီးကြပ် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တိုက်ဖျက်နှိမ်နင်းရေးအတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကတည်းက လျှပ်စစ်မီးနှင့် လောင်စာဆီများကို ဖြတ်တောက်ခြင်း၊ မြန်မာဘက်သို့ ထိုင်းပို့ကုန်များ တင်ပို့မှု တားမြစ်ခြင်းများဖြင့် စတင်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


