ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် တပ်မ ၃၃ မှ ထွက်လာသော ကြေးနီတင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော ကြေးနီတင် တွဲကား ၄၉ စီးနှင့် သံပြာကာ စစ်ကား ၅ စီးပါသော ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက မုံရွာ-မန္တလေး လမ်းပိုင်းတွင် မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ကား ၁ စီး ထိခိုက်ပျက်စီးပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ယာဉ်တန်းတွင် လိုက်ပါလာသော စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီး ၁၅ မိနစ်ခန့် အကြာတွင် အကြမ်းဖက် စစ်တပ်က မုံရွာ-မန္တလေး လမ်းပိုင်း အနီးရှိ ဒုံးတောရွာကို စက်တပ် လေထီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” စစ်ကိုင်း တပ်မ ဘက်ကနေလာတဲ့ ကြေးနီတင်တွဲကား ၄၉ စီး နဲ့ သံပြာကာ ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အသေစာရင်းတော့ မသိရှိရသေးပါဘူး။ တွဲကား ၁ စီး ထိခိုက် ပျက်စီးတယ်။ ၅ နာရီခွဲလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ မိုင်းဆွဲ တိုက်ခိုက်ပြီး ၁၅ မိနစ်အကြာမှာ အကြမ်းဖက် စစ်ခွေးတွေက စက်တပ် လေထီးတွေနဲ့ ဒုံးတောရွာကို ဗုံးကျဲသွားပါတယ်။ ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ပြောဆိုသည်။
ဓာတ်ပုံ – ရှမ်းပြည်တွင် မိုင်းခွဲခံထားရသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
