သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရ
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရကြောင်း သန်လျင်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာ ၁ လမ်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ညအချိန် မိုင်းပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး သန်လျင်မြို့နယ်မှ ပြည်သူအများစုကြားသိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“မိုင်းပေါက်ကွဲသံကတော့ အတော်ကိုကျယ်ပါတယ်။ ညသန်းခေါင်းယံအချိန်ဆိုတော့ အိပ်နေရင်း လန့်ကိုနိုးတာပါ” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ဆိုသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခရိုင်ရွေးကောက်ပွဲရုံး ပတ်ဝန်းကျင်ကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများဆောင် ရွက်ခဲ့ကြောင်း၊ အထူးသဖြင့် သန်လျင်တံတားအနီးတွင်လည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သန်လျင်ဒေသကင်းထောက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- သန်လျင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးယူထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
