စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက် ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး၊ သတင်း ဖလှယ်ရေးနှင့် ပူးပေါင်းရေး ကြိုးစား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sanglampongsa နှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက်ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ တည် ငြိမ်ရေး၊ သတင်းဖလှယ်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းရေး ဆွေးနွေးကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်၏ အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ် ရေးဦးစီးချုပ်တို့က နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံရာတွင် ကျားဖြန့် တိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ထို့ပြင် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee ကလည်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး မောင်မောင်အေးနှင့်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
“ကျားဖြန့် အကြောင်းပြပြီး ထိုင်းနဲ့ ဆက်ဆံရေး တည်ဆောက်လာတာ။ ထိုင်းရောက်နေတဲ့ မြန်မာလူငယ်တွေနဲ့ နွေဦးတော် လှန်ရေး အင်အားစုတွေအတွက် သတိထားရမယ့်အခြေအနေ တစ်ခုလို့ မြင်ပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်သော နယ်မြေများတွင် ကျားဖြန့် ဂိုဏ်းများအတွင်း လူကုန်ကူးခံရသူ နိုင်ငံခြားသားများနှင့် အလုပ်လုပ်နေသူ နိုင်ငံခြားသားများကို BGF က ဖမ်းဆီး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းလျက်ရှိနေကြောင်း၊ ကျားဖြန့်တိုက်ဖျက်ရေး ဟုဆိုကာ ထိုင်း၊ တရုတ်နှင့် မြန်မာစစ်တပ်တို့က ပူးပေါင်းလျက်ရှိကြောင်း၊ ကျားဖြန့်ဂိုဏ်းများကို အဓိက ကာကွယ်ပေးနေသူများမှာ စစ်ကောင်စီလက်အောက်ခံ BGF များဖြစ်သော်လည်း ကျားဖြန့်တိုက်ဖျက်ရေးဟုဆိုကာ ထိုင်းနှင့်တရုတ်နိုင်ငံတို့က စစ်ကောင်စီနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာခြင်းဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်များအရ သိရှိရသည်။
