36 C
Yangon

ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့် ပိတ်ပင်ထားမှု စစ်ကောင်စီက ယခုအထိ ပြန်လည် ဖွင့်လှစ်မပေး၍ နိုင်ငံခြားထွက်မည့် မြန်မာအလုပ်သမားထောင်ချီ စောင့်ဆိုင်း ပိတ်မိနေ

Must read

ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့် ပိတ်ပင်ထားမှု စစ်ကောင်စီက ယခုအထိ ပြန်လည် ဖွင့်လှစ်မပေး၍ နိုင်ငံခြားထွက်မည့် မြန်မာအလုပ်သမားထောင်ချီ စောင့်ဆိုင်း ပိတ်မိနေ

🟥ပြည်ပသို့ အမျိုးသမီး အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်၍ ကန့်သတ်ရန်ရှိနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ခွင့်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ပိတ်ပင်ထားရာ ယနေ့ ၉ ရက်ကြာသည်အထိ ပြန်လည် ဖွင့်လှစ်မပေးသေး၍ နိုင်ငံ ခြားထွက်မည့် မြန်မာအလုပ်သမားထောင်ချီ ပြည်တွင်းတွင် စောင့်ဆိုင်း ပိတ်မိနေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ဆိုင်းငံ့လိုက်ပြီးနောက် ပြည်ပအလုပ်သမားသမား သက်သေခံကတ် OWIC ကတ်များ ထုတ်ပေးမှုကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အထိ ၉ ရက်ကြာလာပြီဖြစ်သော်လည်း စစ်ကောင်စီက ပြည်ပအလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်၍ တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမရှိသဖြင့် ပြည်တွင်းတွင် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ရန် စောင့်ဆိုင်းနေသော အလုပ်သမား ထောင်ချီ ပိတ်မိနေကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြည်ပအလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်တဲ့ အမိန့် ညွှန်ကြားချက်အသစ် ထွက်မယ်ဆိုပြီး သတင်းထွက်လို့ မျှော်ပေမယ့်လည်း ဘာမှ ထွက်မလာဘူး။ အခုတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ညွှန်ကြားချက် အသစ် ထုတ်မယ်ပြောနေကြတာပဲ။ အတိအကျတော့ ဘာမှ မသိရသေးဘူး။ ပြည်တွင်းမှာတော့ OWIC ကတ်ရိုက်ဖို့နဲ့ ပြည်ပထွက်ဖို့ စောင့်နေတာ အလုပ်သမားကတော့ ထောင်ချီပဲ ပိတ်မိနေတာ။ တချို့ဆိုရင် လေယာဉ်လက်မှတ်တွေပါ ဖြတ်ပြီးသားတွေ။ PJ နိုင်ငံကူးလက်မှတ်တွေ အကုန်ဒုက္ခရောက်နေတာ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး အသစ်ဖြစ်လာသော ချစ်ဆွေက ယင်းကဲ့သို့ ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုကို ကန့်သတ်ထားခြင်းဖြစ်ပြီး ပြည်ပထွက်ကြမည့် အလုပ်သမားအနက်မှ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို အသက် ကန့်သတ်ချက်နှင့် နိုင်ငံကန့်သတ်ချက်များ ထုတ်ပြန်မည်ဟု သိရှိရကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“ပြည်ပအလုပ်အကိုင်အတွက် အမျိုးသမီး အလုပ်သမားစေလွှတ်မှုမှာ အသက်ကန့်သတ်ချက်နဲ့ နိုင်ငံကန့်သတ်ချက်၊ အလုပ် အကိုင် အမျိုးအစား ကန့်သတ် ချက်တွေ ရှိနိုင်တယ်။ ဌာနတွင်း ဆွေးနွေးမှုတွေအရ အမျိုးသား အလုပ်သမားစေလွှတ်မှုမှာလည်း ကန့်သတ်ချက်တချို့ ဖြေလျှော့ပေးဖို့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အရင်လောက်တော့ မြန်မြန်ဆန်ဆန် ပြည်ပအလုပ် အတွက် ထွက်ခွင့်ရတာမျိုးတွေတော့ ရှိမယ့် အခြေအနေမရှိဘူး။ ပြည်ပထွက်မယ့် တစ်ဦးချင်းစီတိုင်းက အလုပ် သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှပဲ ထွက်ခွင့်ရလိမ့်မယ်” ဟု အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။

အလုပ်သမားဝန်ကြီးအသစ် ချစ်ဆွေက ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုကိုလည်း လစဉ် အရေအတွက် အကန့် အသတ်ဖြင့်သာ ခွင့်ပြုရန်ရှိနေကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကောင်စီက စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ အလုပ်သမားအဖြစ် စေလွှတ်မှုများအားလုံးကို ကန့်သတ်ပိတ်ပင်ထားသည့်အပြင် ယခုအခါ အမျိုးသမီး အလုပ်သမားနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ထုတ်ရန် လုပ်ဆောင်လာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article