ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဘန်ကာ ၂ လုံးနှင့် စစ်ကောင်စီ တပ်သားများ၏ ခဲယမ်း လက်နက်များဖြစ်သော ၆၀ မမ ဗုံးသီးများ၊ လက်နက်ငယ် တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“တောင်သာမြို့ အနောက်ဘက် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၅ ကောင်သေးပြီး ဘန်ကာတွေနဲ့ လက်နက်ခဲယမ်းတွေ ပျက်စီးခဲ့တယ်လို့ သိရတယ်” ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ချောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ချောက်မြို့နယ်၊ ဇီးချိုပင်ရွာ မြဝတီရုပ်မြင်သံကြားရုံးအနီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှုကို အာဠာဝကမြို့ပြ ပြောက်ကျားတပ်ဖွဲ့ ၊ YENANGYAUNG REVOLUTION CIVILIANS FORCE (YRCF) Chauk Revolution Force ( CRF ) ၊ မကွေးခရိုင်ထုတ်လုပ်ရေး နှင့် KPG PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
