27 C
Yangon

ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာမှ ၁ လကျော်ကြာ ပျောက်ဆုံးနေသော အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင် စစ်မှုထမ်းရန် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရ

Must read

ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာမှ ၁ လကျော်ကြာ ပျောက်ဆုံးနေသော အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင် စစ်မှုထမ်းရန် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင်သည် ၁ လကျော်ကြာ ပျောက်ဆုံးပြီးနောက် စစ်တပ်ထဲတွင် စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံထားရကြောင်း ကာယကံရှင်မောင်ဆန်းဝင်းအောင်ကိုယ်တိုင်က မိသားစုထံသို့ ဆက်သွယ်ပြောဆိုလာကြောင်း မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ရန်ကုန်သို့ သွားရောက်ရင်း အသက် ၁၆ နှစ်အရွယ် မောင်ဆန်းဝင်းအောင်သည် မိသားစုနှင့် အဆက် အသွယ် ပြတ်တောက်သွားကြောင်း၊ ၁ လကျော်​ကြာ အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် မောင်ဆန်းဝင်းအောင်က ၎င်းစစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း၊ ၁ လကျော်ကြာ ချုပ်နှောင်ခံထားရပြီးနောက် စစ်သင်တန်းကျောင်းသို့ အပို့ခံရကြောင်း၊ မိသားစုကို စိတ်မပူရန် ပြောဆိုကြောင်း၊ ဖုန်းဆက်သွယ်ရာတွင်လည်း အခြားသူတစ်ဦး၏ ဖုန်းမှဆက်သွယ်ခြင်းဖြစ်သည်ဟု မိသားစုထံသို့ အသိပေးကြောင်း သိရှိရသည်။

“မောင်ဆန်းဝင်းအောင်က အဘွားနဲ့ နေတာ။ အမေမရှိဘူး။ မိသားစုမှာ ယောင်္ကျားလေးဆိုလို့ သူတစ်ဦးတည်းရှိတာ။ အခု ၁ လကျော်ကြာ အချုပ်နှောင်ခံရတယ်။ အခုတော့ စစ်တပ်ထဲရောက်နေပြီပြောတယ်။ ဘယ်တပ်လဲတော့ မပြောဘူး။ ဖုန်းက သူများဖုန်း ခိုးဆက်ရတာလို့ ပြောတယ်” ဟု မောင်ဆန်းဝင်းအောင်၏အဘွားနှင့်နီးစပ်သော မိတ်ဆွေတစ်ဦးက ရှင်းပြသည်။

အသက် ၁၆ နှစ်အရွယ်သာ ရှိသေးပြီး အသက်မပြည့်သေးသော ကလေးတစ်ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သွားသည့်အတွက် ကျေးရွာပြည်သူများနှင့်မိဘဆွေမျိုးမှာ ဝမ်းနည်းနေရပြီး ပြန်လည် ရွေးထုတ်ရန်မှာလည်း မည်သည့်တပ်တွင် ရောက်ရှိနေ သည်ကို မသိရှိ၍ ဆက်သွယ်ရန် အခက်အခဲဖြစ်နေရကြောင်း သိရှိရသည်။

လတ်တလော ကျိုက်လတ်မြို့နယ်၊ ထုံးကြီးကျေးရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ အိမ်ထောင်စုများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၅၀၀၀ ကောက်ခံလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article