မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ၃ ရက်ဆက် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ၃ ရက်ဆက် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း Voice Of Mandalay (Vomdy) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာ အနီးတဝိုက်ကို ထီးတော်မိုးနှင့် မြကန်သာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ပြည်သူများ အထိခိုက်မှုမရှိကြောင်း၊ ယင်းနေ့တွင် မတ္တရာမြိုနယ် အရှေ့ခြမ်းတစ်နေရာကိုလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၁၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်မှ စတင်ပြီး ညနေ ၄ နာရီ ၄၅ မိနစ်ထိ မတ္တရာမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထီးတော်မိုး ၊ မြကန်သာ နှင့် မတ္တရာဘောလုံးကွင်းမှ နေ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် ထန်းပင်ကုန်းကျေးရွာအနီးတဝိုက်နှင့် ကင်းကျေးရွာ တောင်ဘက်အနီးတ၀ိုက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း မိန်းကလေးငယ် ၁ ဦး ခါးတွင် လက်နက်ကြီး အစထိမှန်ပြီး အမျိုးသမီး ၁ ဦးလည်း လက်တွင် လက်နက်ကြီး အစ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်မှ ၄၄ မိနစ်ထိ ထီးတော်မိုး ၊ မြကန်သာ နှင့် မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ထုံးဘိုကျေးရွာအနီးတဝိုက်နှင့် ကင်းကျေးရွာအနီးတဝိုက်ကို ၉ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဒီနေ့ လက်နက်ကြီးတွေနဲ့ ပစ်နေတာကတော့ ပြည်သူတွေ ထိခိုက်မှုမရှိမရှိ အတည်မပြုနိုင်သေးဘူး။ ၂၆ ရက်နေ့ လက်နက်ကြီး ပစ်ခတ်မှုမှာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု Voice Of Mandalay (Vomdy) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


