ယင်းမာပင်တွင် ကြေးနီတင်တွဲကားများကို မိုင်းဆွဲ တိုက်ခိုက်မှု ကား ၂ စီးပျက်စီး၊ ရေဦးတွင်လည်း စစ်တပ် လှည့်ကင်း ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကြေးနီတင်တွဲကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ကား ၂ စီးပျက်စီးခဲ့ကြောင်း မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော ကြေးနီတင်ကားများကို မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ယမားတံတားအရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ကြေးနီတွဲကား ၂ စီးပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဝမ်ပေါင် ကနေ ထွက်လာတဲ့ ကြေးနီတင်တွဲကားတွေကို ယမားတံတား အရောက်မှာ ကျနော်တို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ကြေးနီ တွဲကား ၂ စီးပျက်စီးပြီး စစ်ခွေးတွေ အထိ အတိုက်အခိုက် အသေးဆုံးရှိနိုင်တယ်” ဟု မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မဲမှောင်က ပြောဆိုသည်။
မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းများ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေများ လိုအပ်နေ၍ ပြည်သူများ ပါဝင် ကူညီထောက်ပံပေးကြရန် မေတ္တာရပ်ခံကြောင်း ဗိုလ်မဲမှောင်က ဆက်လက် ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ရဲများ လိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့ ည ၁၀ နာရီ ၈ မိနစ်ခန့်တွင် ရေဦးမြို့နယ်အတွင်း ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ရဲများ စီးနင်းလာသောကား ၁ စီးကို ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“တစ်စီးထဲလာတာပါ။ သူတို့ ကားရပ်ပြီး ဆင်းတဲ့အချိန်မှာ မိုင်းခွဲလိုက်တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ နောက်ထပ် ဆက်လက်ပြီး တိုက်ခိုက်မှု အရှိန်မြှင့်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေကို စစ်ကောင်စီ တပ်သား တွေနဲ့ အနီးဆုံးနေရာမှာ ရှိမနေဖို့တော့ သတိပေးချင်ပါတယ်။ သူတို့က ဆေးရုံကို ပို့ပြီး မကုသတော့ဘူး။ တိုင်းရင်းဆေးရုံထဲမှာ ကုသကျတယ်။ သေရင်လဲ အဲ့ဒီအထဲမှာပဲ သဂြိုလ်တာများတယ်။ ရောဂါနဲ့သေမှ မန်ကျီးတော သုသာန်မှာ သဂြိုလ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။
