မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲကာ မီးရှို့ဖျက်ဆီးနေ
မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့မှ အကြမ်းဖက် စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးများက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၁ ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း မြင်းခြံမြိုနယ်၊ ကျောင်းဖြူကန်ရွာ ဘုန်ကြီးကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ၁ ဆောင် ထိခိုက်ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ မတ်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်ပြုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင် ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မီးလာငြိမ်းသည့် ပြည်သူများကိုလည်း လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို လည်သစ်က ပျူစောထီးတွေ မြင်းခြံမြို့ပေါ်က စစ်ခွေးနဲ့ သီတာယုမွန် အဖွဲ့တွေက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲက ၂၈ ရက်နေ့တည်းက စဖြစ်တယ်။ မတ် ၁ ရက်နေ့မှာ တိုက်ပွဲက တစ်နေကုန်နီးပါးကို ပြင်းထန်ခဲ့တယ်။ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာလည်း ၅ ကြိမ်ထက်မနည်းပဲ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးတွေဘက်က ၂၀ ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သံချပ်ကာ ကား ၁ စီးလည်း ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ စစ်ခွေးတွေကို အိမ်စီးကားတွေနဲ့ မြင်းခြံဘက် ပြန်သည်သွားကျတယ်။ တိုက်ပွဲက ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ စစ်ခွေးတွေက ကျောက်ပြုတ်ရွာကို မီးရှို့တာ ပျက်စီးမှုများတယ်လို့ သိရတယ်။ မီးလာငြိမ်းတဲ့ ပြည်သူတွေလည်း ပစ်ခတ်ခံရတာတွေရှိတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်တော့ မသိရသေးဘူး။ မြေပြင် အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက် ထုန်ပြန်သွားမယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ လည်သစ်ရွာတွင် တပ်စွဲထားပြီး မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ဆက်လက် သွားလာနေဆဲဖြစ်ကြောင်း သိရသည်။
