ရန်ကုန်တိုင်း၊ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ခေါ်ယူဖိအားပေး
ရန်ကုန်၊ မတ် ၃
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ပြည်ပရောက်ရှိနေသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန်အတွက် ပြန်လည် ခေါ်ယူထားရန် မိဘများကို စစ်ကောင်စီက ဆင့်ခေါ် ဖိအားပေးနေပြီဖြစ်ကြောင်း သာကေတမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်မှ မိဘပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းနှင့်ယခု မတ်လဆန်းပိုင်းအတွင်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် မဖြစ်မနေ စာရင်းသွင်းမှတ်ပုံတင်ရမည်ဟုဆိုကာ မြို့နယ် ထွေအုပ်ရုံး (ခေါ်) မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးရုံးများသို့ မိဘဆွေမျိုးများနှင့် လူငယ်များကို ဆင့်ခေါ်နေကြောင်း၊ ပြည်ပရောက်ရှိနေသော လူငယ်များကိုလည်း မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားရမည်ဖြစ်ကြောင်း၊ အလှည့်ကျသည်နှင့် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုထမ်းရမည့်အချိန် ပြည်ပရောက် လူငယ်များ ပြန်လည် ရောက်ရှိလာခြင်းမရှိပါက မိသားစုဝင် အမျိုးသားတစ်ဦးဦးက အစားထိုး စစ်မှုထမ်းရမည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်တပ်က အသိပေး လက်မှတ်ထိုးခိုင်းနေကြောင်း သိရှိရသည်။
စစ်မှုထမ်းရန် အလှည်ကျလာချိန်စစ်မှုထမ်းရန် ပျက်ကွက်ပါက မိသားစုဝင်များကို ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ထောင်ချအရေးယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန်ပျက်ကွက်သော ပြည်တွင်းမှ လူငယ်ဖြစ်စေ၊ ပြည်ပမှ လူငယ်ဖြစ်စေ တရားစွဲခံရမည်ဖြစ်ပြီး တိမ်းရှောင်ပါက ဘ၀တစ်သက်တာလုံး ၀ရမ်းပြေးအဖြစ် ကြေညာခံရမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“ရန်ကုန်တိုင်း သာကေတမြို့နယ် စစ်မှုထမ်းစာရင်းသွင်းဖို့ ဆင့်ခေါ်စာနဲ့ ရုံးတွေမှာတွေ့ဆုံပြီး ထွက်ပြေးတာတွေမလုပ်ဖို့ပြောတယ်။ ပြေးရင်ကျန်ခဲ့တဲ့မိသားစုကိုအရေးယူမယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေကိုလည်း အချိန်မီပြန်ခေါ်ထားဖို့ပြောတယ်” ဟု သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော စစ်မှုထမ်းအပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ အထိခေါ်ယူပြီးချိန်တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်များတွင် စစ်မှုထမ်းမည့် လူငယ်အရေအတွက် နည်းပါလားနေပြီး ပြည်ပရောက်နေသူများကို မဖြစ်မနေ ဆင့်ခေါ်ရန် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေရသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
