ရန်ကုန်၊ မေ ၁၅
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်ခတ်ခဲ့ရာ ၁ ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ကွေ့တက်ရွာ ဘုန်းတော်ကြီးကျောင်းမှ ကျူတောရွာကို ဆိုင်ကယ်စီးပြီး ပြန်လာသည့် ဒေါ်လှလှဝင်းနှင့် ဦးသိန်းလှ တို့ကို စိုက်ပျိုးရေးရုံးအနီးရှိ စစ်ဆေးရေးဂိတ်မှ စစ်သားများက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း ဒေါ်လှလှဝင်း သည် ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဒေါ်လှလှဝင်း၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်က သဲကုန်းဆေးရုံသို့ ညတွင်းချင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။
“ဘာတိုက်ပွဲမှလည်း ဖြစ်ထားတာမရှိပါဘူး။ စစ်ခွေးတွေက သူတို့ မသင်္ကာရင် စစ်ဆေးမေးမြန်းလို့ရတာကို ဆိုင်ကယ်လှမ်းမြင်တာနဲ့ ပစ်လိုက်တာ ဒေါ်လှလှဝင်းကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ စစ်ခွေးတွေက ညတွင်းချင်းပဲ အလောင်းကို သဲကုန်းဆေးရုံကို ယူသွားတယ်လို့ သိရတယ်” ဟု ဒေသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ မောတောင်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများထံမှ သိရသည်။
မေလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မောတောင်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရကာ ပြည်သူနေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း မြေပြင်တွင်မှု အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ပြောဆိုထားသည်။
“မောတောင်မြို့ အမှတ် ၃ ရပ်ကွက်ကို စစ်ခွေးတွေက ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦး ထိခိုက်တယ်လို့ နေအိမ် ၁ လုံးတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။





